Thursday, April 10, 2008

အင်္ဂုလိမာလ....ပြီးတော့ ယောနိသောမနသိကာရ....(ဘုန်းဘုန်း ကို ကျွန်တော် ဘလော့ထဲမှာ မေးဖြစ်တယ်)

Q.. အရှင်ဘုရား…ဦးတင်ပါတယ်ဘုရား…အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်ပြုတော့ ၀ဋ်ကျွေးခံရသေးတယ်။ အင်္ဂုလိမာလကောဘုရား…တပည့်တော်သိချင်ပါသည်ဘုရား။ နောက်ပြီး ယောနိသောမနသိကာရအကြောင်း ကိုလည်း ထပ်မေးချင်ပါတယ်ဘုရား။ တိုးတက်လိုသူတွေမှာ ရှိသင့်မရှိသင့်။ အောင်မြင်မှုဟာ ပြိုင်ဘက်ကိုအခြေပြုရင် ယောနိသောမနသိကာရက အတားအဆီး ဖြစ်မဖြစ်သိချင်ပါသည်ဘုရား။
(ကိုဝင်းလတ်)

A. မြတ်စွာဘုရားအပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးခံကြရတာမှန်ပါတယ်။ အဲဒီဝဋ်ကျွေးဟာ အတိတ်ဘ၀တစ်ခုခုက ပြုလုပ်ခဲ့တဲ့ ၀ဋ်ကျွေးများကို ယခုဘ၀မှာ ခံကြရခြင်းဖြစ်ပါတယ်။ ငရဲမှာအပ ၀ဋ်မှာအမြဲဆိုတဲ့ စကားလို ငရဲမကျအောင် တစ်ခြားကုသိုလ်ကောင်းမှုများ ကြိုးစားရင်းကာကွယ်လို့ ရပေမယ့် ၀ဋ်ကတော့ လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် တန်ခိုးတော်အရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ပင် ခိုးသားငါးရာရဲ့ ရိုက်နက်မှုကို တန်ခိုးတော်နဲ့နှစ်ကြိမ်တိုင် ရှောင်ထွက်သွားနိုင်ပေမယ့် သုံးကြိမ်မြောက်မှာတော့ မရှောင်တော့ဘဲ ၀ဋ်ကျွေးကို ဆပ်သွားတဲ့ သာဓကရှိပါတယ်။ အင်္ဂုလိမာလ မထေရ်မြတ်ကတော့ နောက်ဆုံးဘ၀မှာ ဆရာ့ကျေးဇူးကို ဆပ်ဖို့အတွက် လူသားတွေကိုသတ်ပြီး လက်ညှိုးတွေဖြတ်ခဲ့ပါတယ်။ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင် နောက်ဆုံးတစ်ချောင်းအတွက် ဘယ်သူလာလာ သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ မိခင်ကလည်းသားကို တားမြစ်ဖို့သားရှိရာကို သွားနေတဲ့အချိန်ပါ။ အကယ်၍များ အမေကိုသတ်မိမယ်ဆိုရင်တော့ အင်္ဂုလိမာလဟာ ပဉ္စာနန္တရိယကံကြောင့် သေချာပေါက် အ၀ီစိငရဲကိုလားမှာပါ။ အဲလို မဖြစ်အောင်ဘုရားရှင်က ကြားက၀င်ပြီး ကယ်တင်လိုက်နိုင်ပါတယ်။ ဘုရားရှင်ကယ်တယ်ရတာဟာလည်း အင်္ဂုလိမာလဟာ အတိတ်အတိတ် ဘ၀က ဖြည့်ခဲ့တဲ့ ပါရမီတွေ ကုသိုလ်တွေရဲ့အစွမ်းနဲ့ ဒီဘ၀မှာ ဘယ်လိုပဲဖြစ်ဖြစ် နိဗ္ဗာန်ဝင်ရမယ့် နောက်ဆုံးပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲဒီမှာ အင်္ဂုလိမာလဟာ ဘုရားတရားတော်နာပြီး သောတာပန်တည်ပါတယ်။ သောတာပန် တည်တာနဲ့တပြိုင်နက် အပါယ်လားစေနိုင်တဲ့ အကုသိုလ်တွေကို ပယ်သတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေကို သတ်တဲ့ကံကြောင့် ပြန်ပြီးဝဋ်လည်တာတို့ မရှိတော့ပါဘူး။ တစ်ဘက်ကတွေးမယ်ဆိုရင်လည်း အဲဒီအသတ်ခံရတဲ့ သူတွေဟာလည်း အတိတ်ဘ၀တစ်ခုခုက ၀ဋ်ကျွေးကို ပြန်ဆပ်ရတာလို့ တွေးလို့ရနိုင်ပါတယ်။ ဒါတောင် အင်္ဂုလိမာလဟာ ကြီးမားတဲ့ ၀ဋ်ကျွေးတွေကို မခံလိုက်ရပေမယ့် ရဟန်းဖြစ်ပြီး ဆွမ်းခံကြွတဲ့ အချိန်မှာ သူသတ်ခဲ့တဲ့ သူအချို့ရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေရဲ့ ၀ိုင်းပြီးခဲနဲ့ပေါက်တာတို့ ဆွမ်းလောင်းမဲ့သူ မရှိလို့ ဆွမ်းမရတာတို့ ကြုံရပါသေးတယ်။ နောက်ဆုံးမီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အင်္ဂုလိမာလသုတ်ဟောပြီး မီးဖွားပေးစေမှ ပြန်ပြီးလူတွေရဲ့ ကြည်ညိုမှုကို ရသွားပါတယ်။ အင်္ဂုလိမာလရဲ့ နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးနဲ့ပတ်သက်လို့ ဒီလောက်ပဲ ခံရပြီး တစ်ခြားကြီးကြီးမားမား ခံရတဲ့အကြောင်း စာပေမှာ မတွေ့ပါဘူး။ B.ယောနိသောမနသိကာရ ဆိုတဲ့စကားလုံးကို စာပေအတိုင်း တိုက်ရိုက်ပြန်ဆိုရရင် “အသင့်အတင့် နှလုံးသွင်းခြင်း” လို့ ပြန်ဆိုလို့ရပါတယ်။ လူပြိန်းနားလည်အောင်ပြောရရင် “အပြစ်မဖြစ်အောင် နှလုံးသွင်းခြင်း၊ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းခြင်း”လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ယောနိသောမနသိကာဖြစ်အောင် နေတာဟာ အကုသိုလ်မဖြစ်အောင်နေတာ။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာ။ ပိုပြီးအလွယ်ပြောရရင် အကောင်းဘက်က မြင်ကြည့်ပေးတာလို့ ပြောကြည့်နိုင်ပါတယ်။ စိတ်ကောင်းထားတာပေါ့။သေချာတာပေါ့။ ဒီယောနိသောမနသိကာရဟာ တိုးတက်လိုသူတွေမှာ လုံးဝရှိရမယ့် တရားပါ။ ယောနိသော မနသိကာရမရှိဘဲ သူနဲ့ဆန့်ကျင်ဘက် အယောနိသော မနသိကာရရှိရင်တော့ ဘယ်လိုမှ အောင်မြင်တိုးတက်မှု မရနိုင်ပါဘူး။ အပေါင်းအသင်းကောင်းလို့ ပတ်ဝန်းကျင် မိဘဆွေမျိုး အသိုင်းအ၀ိုင်းကောင်းလို့ အောင်မြင်တိုးတက်မယ် ဆိုရင်လည်း ခဏပဲဖြစ်မှာပါ။ အောင်မြင်မှုအတွက် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း ဒီယောနိသော မနသိကာရကို လက်ကိုင်ထားပြီး ပြိုင်ဆိုင်မယ်ဆိုရင် ပိုပြီးအောင်မြင်တိုးတက်မှာပါ။ ဒီနေရာမှာ ပြိုင်ဆိုင်မှုအကြောင်း နည်းနည်းပြောချင်ပါတယ်။ ပြိုင်တယ်ဆိုတာ နှစ်မျိုးရှိပါတယ်။ သူတစ်ပါးနဲ့ပြိုင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုပြိုင်ခြင်းပါ။ အဲလိုပြိုင်ရာမှာလည်း သူတစ်ပါးကို ထိခိုက်နစ်နာစေပြီးမှ အောင်နိုင်မှုရတဲ့ ပြိုင်ဆိုင်မှုနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ်လမ်းကိုယ်ဖြောင့်ဖြောင့်သွားပြီး ရိုးသားစွာပြိုင်ဆိုင်တဲ့ ပြိုင်ဆိုင်မှုမျိုးလို့ နှစ်မျိုးနားလည် သဘောပေါက်နိုင်ပါတယ်။ အဲဒီပြိုင်ဆိုင်မှု နှစ်မျိုးမှာ မရိုးမသား ပြိုင်ဆိုင်မှုကတော့ ဘယ်လိုမှ အောင်မြင်မှု မရနိုင်ပါဘူး။ မရိုးသားတဲ့ စိတ်ရှိတာကိုက အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းမမှန်ကန်တာပါ။ ကံကောင်းလို့ အောင်မြင်တယ်ဆိုလည်း ခဏပါ။ စိတ်ကောင်းနှလုံးကောင်း ယောနိသောမနသိကာရလေးထားပြီး ရိုးသားစွာပြိုင်ဆိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တဲ့ ပြိုင်ဆိုင်မှုဖြစ်မှာပါ။ အတိတ်ပါရမီနည်းလို့ ထင်သလောက် မအောင်မြင်တာတောင်မှ ရိုးသားစွားကြိုးစားတဲ့ ၀ီရိယအကျိုးတော့ ခံစားရမှာပါ။ အဲလိုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ သဘောပေါက်ထားရမှာက ယောနိသောမနသိကာကြောင့်တော့ ပြိုင်ဆိုင်မှုကို အတားအဆီးမဖြစ်နိုင်ဘူးဆိုတာပါ။တကယ်တော့ ပြိုင်တယ်ဆိုတဲ့နေရာမှာ သူများနဲ့ပြိုင်တာထက် ကိုယ့်ကိုယ်ကိုယ်နဲ့ ပြိုင်တာက ပိုပြီးအောင်မြင် တိုးတက်နိုင်ပါတယ်။ ဒီနေ့ငါနဲ့ မနက်ဖြန်ငါ မတူရအောင် ဒီနေ့ငါကို မနက်ဖြန်ငါက အနိုင်ရအောင်ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ဒီလောက်ပဲသိတယ်ဆိုရင် မနက်ဖြန်ငါက ဒီနေ့ငါကို အနိုင်ရအောင် ဒီထက်ပိုပြီးသိအောင် ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ကုသိုလ်၊ ပညာ၊ ဥစ္စာ စတာတွေ ဒီလောက်ပဲရလိုက်တယ်ဆိုရင် မနက်ဖြန်ငါက ဒီထက်ပိုပြီးရအောင် ပြိုင်နိုင်ရပါမယ်။ ဒီနေ့ငါရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ စတာတွေဟာ ဒီလောက်ပဲ တည်ငြိမ်အေးချမ်းသိမ့်မွေ့နေပေမယ့် မနက်ဖြန်ငါက ဒီထက်ပိုပြီး သိမ်မွေ့နူးညံ့အောင် ပြိုင်ဆိုင်သင့်ပါတယ်။ အဲလိုပြိုင်ဆိုင်နိုင်မယ်ဆိုရင် သေချာပေါက် လောကီလောကုတ္တရာ အကျိုးတွေဖြစ်ထွန်းပြီး အောင်မြင်မှုရမှာ မလွဲပါဧကန်ဖြစ်ပါတယ်လို့ လိုရင်းအနှစ်ချုပ် ဖြေကြားပေးလိုက်ပါတယ်ကွယ်….

1 comment:

ကြယ်ပြာ said...

ခုလေးတင် သူငယ်ချင်းတစ်ယောက်နဲ့ အင်္ဂုလိမာလအကြောင်းပြောဆိုကြရင်းနဲ့ အင်္ဂုလိမာလ ဘာကြောင့် မကောင်းမှုလုပ်ပြီး မကောင်းကျိုး မခံစားရသလဲဆိုတာကို ဆွေးနွေးရင်းနဲ့ ဂူဂယ်ကနေရှာရင်း ဒီဘလော့ကိုေ၇ာက်လာပါတယ် ... သိချင်တာကို သိလိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် .... ဒါပေမယ့် တခု စိတ်မရှင်းတာက ရဟန်းဝတ်နေစဉ်မှာ ဆွမ်းလောင်းမခံရတာ၊ အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေ ခဲနဲ့ဝိုင်းပေါက်တာရယ်ကလွဲရင် လူ အယောက်ပေါင်း ၉၉၉ ကိုသတ်တဲ့ မကောင်းမှုက ဒီလောက်လေးပဲလားဆိုပြီး တွေးစရာဖြစ်လာပါတယ် .. ကံ ကံရဲ့အကျိုးဖြစ်တဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်ဆိုတဲ့ စကားနဲ့ မကိုက်ညီတာ တွေ့ရလို့ သိပ်ဘ၀င်မကျမိပါဘူး ...