Friday, July 4, 2008

“ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ” ကို ထူထောင်ထားပါသည်

ဟန်းဂုရွာဘလော့မှ တဆင့်တင်ပြပါသည်......
ဟွန်ဒိုင်းမော်တော်ယာဉ်လုပ်ငန်း၊ ဂီအာမော်တော်ယာဉ်လုပ်ငန်း နှင့် ကိုရီးယားလူမှုဝန်ထမ်းနှင့် သက်သာချောင်ချိရေး ဌာနတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံတွင်းရှိ “ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ” ကို ထူထောင်ထားကြောင်း သိရသည်။အဆိုပါ အစီအစဉ်သည် ကိုရီးယားနိုင်ငံအတွင်း ကျန်းမာရေးအာမခံ ထားခွင့်မရှိသဖြင့် ဆေးဝါးကုသစရိတ် အခက်အခဲ ဖြစ်နေသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုများအား ဆေးကုသမှုစရိတ် ထောက်ပံ့သွားမည့် အစီအစဉ်ဖြစ်ကြောင်း၊ ထောက်ပံ့မည့်နှုန်းမှာ အဖွဲ့ဝင်များ (သာမန်ရောဂါ ) တစ်ကြိမ်လျှင် အများဆုံး ၀မ် တစ်သန်း၊ အရေးပေါ်ဆေးဝါးကုသမှုစရိတ် တစ်ကြိမ်လျှင် အများဆုံး ၀မ်ငါးသန်းဖြစ်ကြောင်း၊ သို့ရာတွင် စုစုပေါင်း ဆေးကုသမှုစရိတ်၏ ၅၀ရာနှုန်းကိုသာ အများဆုံး ထောက်ပံ့ငွေအဖြစ် ကန့်သတ်ထားကြောင်း သိရသည်။အဆိုပါ ထောက်ပံ့ကြေးတောင်းခံရာတွင် ဆေးဝါးကုသမှု အာမခံအဖွဲ့ အဖွဲ့ဝင်ကတ် ဖြစ်စေ၊ ကာယကံရှင်၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံခြားသား စိစစ်ရေးကတ်ဖြစ်စေ နှင့် ဆေးရုံမှ ထုတ်ပေးသော ငွေပေးပြေစာ(မူရင်း) တို့ကို အထောက်အထား စာရွက်စာတမ်းအဖြစ် တင်ပြရန်လိုအပ်မည် ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ကိုရီးယားတွင် တရားဝင်နေထိုင်သော ကျန်းမာရေး အာမခံထားခွင့်ရှိသည့် နိုင်ငံခြားသားများ၊ ဆေးဝါးကုသမှုခံယူရန် ကိုရီးယားသို့ ၀င်လာသူများ နှင့်၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ ယာဉ်တိုက်ခံရခြင်း၊ သူတစ်ပါးကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည့် အခြားသော အာမခံစနစ် ခံစားခွင့်ရှိသူများ အနေဖြင့် အဆိုပါ ထောက်ပံ့ငွေကို ခံစားခွင့် ရရှိမည်မဟုတ်ကြောင်း သိရသည်။အသေးစိတ် အချက်အလက်များကို နီးစပ်ရာ နိုင်ငံခြားသားများ အကူအညီပေးရေး ဆင်တာများနှင့် မိမိ ဆေးဝါးကုသမှု ခံယူနေသော ဆေးရုံ ဆေးခန်းတွင်ဖြစ်စေ၊ ကိုရီးယားနိုင်ငံ နိုင်ငံခြားသားများ ကျန်းမာရေးစောင့်ရှောက်မှုအသင်း (၀၂ ၃၁၄၇ ၀၅၁၆ ) သို့ဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုဝိုင်း (မိုးညှင်း)ဆောအူးလ်။ ဇွန် ၁၇
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, July 1, 2008

ဒီပဲယင်း ကဗျာကြောင့် ချယ်ရီ အယ်ဒီတာ နုတ်ထွက်ရ

ကိုစိုး ဇွန် ၃၀၊ ၂၀၀၈(ဧရာဝတီ မှ ထပ်ဆင့်ဖေါ်ပြပါသည်)
ဒီပရင်္ဂ
ကြည်မောင်သန်း
ပုံပြင်ထဲက မြို့လည်း မဟုတ်

ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်

အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန်မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ

အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ

ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ

အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ

စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ

မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော

မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း

ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။
(၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်)

မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ခု ဇွန်လထုတ်တွင် ဖော်ပြထားသည့် ကဗျာတပုဒ်နှင့် ပတ်သက်၍ စာပေစိစစ်ရေးမူဝါဒနှင့် ငြိစွန်းသည်ဟုဆိုကာ သက်ဆိုင်ရာက မဂ္ဂဇင်းမှ အယ်ဒီတာ တဦးကို နုတ် ထွက်စေခဲ့ပြီး အယ်ဒီတာ အဖွဲ့အသစ်ပြင်ဆင်ဖွဲ့စည်းစေခဲ့ကြောင်း သိရသည်။ အဆိုပါကဗျာသည် “ဒီပရင်္ဂ”အမည်ရှိ ဒီပဲယင်း မြို့အကြောင်း ဖွဲ့ဆိုထားသည့် ကဗျာဖြစ်ပြီး ယင်း ကဗျာပါဝင် သောမဂ္ဂဇင်း သည် မေလ မကုန်ခင်ကပင် စာပေစိစစ်ရေးခွင့်ပြုချက်ဖြင့် ဖြန့်ချိခဲ့ခြင်းဖြစ်သည်ဟု ချယ်ရီမဂ္ဂဇင်းနှင့်နီးစပ်သည့် စာနယ်ဇင်း သမားတဦးက ပြောသည်။ “စိစစ်ရေးက ဇွန်လထဲကျမှ သိပြီး အယ်ဒီတာအဖွဲ့ကို ခေါ်ကျပ်တာ၊ ဒါပေမယ့် မဂ္ဂဇင်းကိုပြန်သိမ်းလို့တော့ မရတော့ဘူး၊ ပျံ့ကုန်ပြီ၊ အခုက အယ်ဒီတာအသစ်ပြောင်းဖွဲ့ပြီးတော့ သက်ဆိုင်ရာကိုတင်ထားတယ်၊ အဲဒါ ပြန်တော့ မကျသေးဘူး၊ အယ်ဒီတာ ကိုဌေးအောင်ကတော့ နားလိုက်ရတယ်၊ ကဗျာ ဆရာအခြေအနေက အခု အချိန်အထိတော့ ဘာမှထူးထူး ခြားခြား မရှိသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။ ယင်း ဒီပဲယင်း အကြောင်း ဖွဲ့ဆိုထားသော ကဗျာတွင် မုံရွာ-ရေဦး သွား ကားလမ်းပေါ်ရှိ ဒီပရင်္ဂမြို့သည် လွန်ခဲ့သော နှစ် ၇၀၀ ကျော် အလောင်းစည်သူမင်း ခေတ်ကပင် အမှန်တကယ်ရှိခဲ့သည့် သမိုင်းဝင် မြို့တမြို့ ဖြစ်ပြီး သာသနိက အဆောက် အအုံများနှင့် အရှင်အဂ္ဂသမာဓိ၊ အရှင်ဝံသ၊ အရှင် ယသ၊ ဆရာတော် အရှင်ဇိန၊ လယ်တီဆရာတော်၊ အယူတော်မင်္ဂလာ ဦးနိုး၊ ပတိမ်မင်းသား စသည့် ရဟန်းပညာရှိ၊ လူပညာရှိ အကျော်အမော် များ ခိုလှုံ ထွက်ပေါ်ရာ ဒေသဖြစ်ကြောင်းတို့ ပါဝင်သည်။ ထို့ပြင် ကဗျာဆရာက သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန်ဖြစ်ခဲ့ဖူးသော ဒီပရင်္ဂ မြို့တွင် ကောက်ကျစ် ယုတ်မာသည့် သစ္စာဖောက်များရှိခဲ့ဖူးကြောင်း၊ သူရဲကောင်းများပျောက်ဆုံးခဲ့ရဖူးကြောင်း၊ အမျိုးသမီး တဦးသည် လည်း သေကံ မရောက် သက်မပျောက် ဖြစ်ခဲ့ရပြီး အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း တို့ကို လည်း ရေးဖွဲ့ထားသည်။ ထိုချယ်ရီ မဂ္ဂဇင်းပါ ကဗျာကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့မှ ဂျာနယ် အယ်ဒီတာ တဦးက“ကဗျာအယ်ဒီတာ ထွက်လိုက်ရပြီး စိစစ်ရေးက စာစစ်မှူး ၃ ဦး ပြုတ်တယ်လို့လည်း ကြားတယ်၊ ဒါပေမယ့် ဖြစ်နိုင်တာက မဂ္ဂဇင်းကို တလ နှစ်လ ဖြစ်ဖြစ် အပြစ် ပေးတဲ့သဘောနဲ့ နားခိုင်းဖို့များတယ်၊ ကဗျာဆရာကိုတော့ နောက်ပိုင်း သူ့ကလောင် ကို ပြဿနာရှာလိမ့်မယ်ထင်တယ်”ဟု ဆိုသည်။အထက်ပါ ဒီပဲယင်းမြို့ကို ရှေးသမိုင်းဝင် အမည် ဒီပရင်္ဂ အမည်ဖြင့်ရေးဖွဲ့ထားသော ကဗျာသည် လူကြိုက်များ၍ ပျံ့နှံ့နေပြီး ယင်း ကဗျာဖော်ပြထားသည့် ချယ်ရီမဂ္ဂဇင်းသည်လည်း အရောင်းသွက်ခဲ့ကြောင်း သိရသည်။ဒီပဲယင်းမြို့တွင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့အဝင် ၂၀၀ ခန့်သည် လူအင်အား ၅၀၀၀ ခန့်ရှိ လူအုပ်စု တစု၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုအတွက် စစ်အစိုးရအား နိုင်ငံတကာ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဖွဲ့စည်း၍ အရေးယူပေးရန် အန်အယ်လ်ဒီ က တောင်းဆိုထားသည်။ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အာနာရူးကြီး မှူးကြီးသန်းရွှေ” စကား လုံးများပါဝင်သော“ဖေဖော်ဝါရီ ဆယ့်လေး”ကဗျာနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက ကဗျာဆရာ စောဝေကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်မလွှတ်သေးပေ။


ဖတ်ကြည့်ချင်သေးလား....