Thursday, April 10, 2008

တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ... (ဘုန်းဘုန်း နှင့် ကျွန်တော့် ဒုတိယ အမေး)

မွန်မြတ်လှစွာသောဓမ္မများကို ပြည့်စုံစွာ ဖြေကြားတော်မူသော ဘုန်းဘုန်းအားရိုသေစွာ ပူဇော်ကန်တော့ပါသည်)
Q. အရှင်ဘုရား…ဦးတင်ပါသည်ဘုရား…။ တပည့်တော် ဒုတိယအမေး မေးလျှောက်လိုပါသည်။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။
(၁) မြတ်စွဘုရား၏ ဓမ္မစကြာ တရားသည် တရားဦးဟောကြားသော တရားတော်ဖြစ်ကြောင်း တရားတော်အချို့မှာ နာကြားရပါသည်။ ထိုအခါ လူပုဂ္ဂိုလ်ထဲမှ ပဉ္စ၀ဂ္ဂီငါးဦး တရားဦးနာရသဖြင့် တစ်ယောက်တစ်ရက်စီ သောတာပန်ဖြစ် ကျွတ်တမ်းဝင်ကုန်ကြောင်း စသြုဖင့် နာကြားရပါသည်ဘုရား။ ပဉ္စ၀ဂ္ဂီငါးဦး မတိုင်မီ တရားဟောရန် လောကကို ကြည့်တော်မူရာ ယခင်က ဆရာဖြစ်ခဲ့ဘူးသော ပုဏ္ဏာနှစ်ဦးဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့သဖြင့် အလုပ်အကျွေးငါးယောက်ကို ဟောကြောင်း၊ ဆိတ်ကျောင်းသားများ၊ ဟုံဟုံကပုဏ္ဏာတို့ဟာ တရားတော်များကို ဘုရားအနားမှာ ရှိခဲ့ပေမယ့် မနာကြားခဲ့ရကြောင်း စသည်ဖြင့် နာကြားခဲ့ရပါသည်ဘုရား။ သို့သော် ဥက္ကလာပမှ ကုန်သည်ညီနောင်သည် ယခင်က မိခင်ဟောင်းဖြစ်ခဲ့ဘူးသော နတ်သမီး၏ သတင်းပေးမှုကြောင့် ဥရုဝေလတော လင်းလွန်းပင်ရင်းမှာ ဘုရားဖြစ်ပြီး ရက်(၅၀)အရမှာ ပျားမုန့်ဆွမ်းကို အလှူခံပြီး ထိုညီနောင်ကို တရားဟောရာ ပထမဆုံးတရားနာရတဲ့အတွက် ဧတဒဂ်ဘွဲ့များပင် ရကြောင်းနာကြားရပါသည်။သို့ဖြစ်ပါ၍ အဘယ်တရားသည် တရားဦးဖြစ်ပါသနည်းဘုရား။
(၂) မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် တစ်ဝါအရမှာပင် ဟောကြားခဲ့သည့် တရားတော်တိုင်းကို နာကြားရသည့် ပုဂ္ဂိုလ်များတိုင်းပင် သောတာပန်ဖြစ် ကျွတ်တမ်းဝင် ရဟန္တာဖြစ်ကုန်ကြကြောင်း၊ သို့သော် အဆိုပါ ကုန်သည်များသည် ဘာကြောင့် ကျွတ်တမ်းမ၀င်ကြသည်ကို သိလိုပါသည်။ အနည်းဆုံး သောတာပန် အဆင့်ဖြစ်ပါသလားဘုရား။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။(ကိုဝင်းလတ်)

A. မေးခွန်းများကို မဖြေခင် ၀ိနည်းပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ပထမက္ခန္ဓကလာ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်ပိုင်း ဖြစ်စဉ်အကျဉ်းကို ရှေးဦးစွာဖော်ပြလိုပါတယ်။ ပါဠိတော်လာအတိုင်း တိုက်ရိုက်တစ်လုံးချင်း ဘာသာပြန်ဖော်ပြပါက အလွန်ရှည်လျား ရှုတ်ထွေးနိုင်သဖြင့် လိုရင်းသာ အလွယ်နားလည်နိုင်ရန် ဖော်ပြလိုက်ပါတယ်။၁။ မြတ်စွာဘုရားဟာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် ဥရုဝေလတော၊ နေရဉ္ဇရာမြစ်ကမ်းဘေးရှိ မဟာဗောဓိပင်ရင်းမှာ တင်ပလ္လင်ခွေထိုင်တော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်နှလုံးသွင်း ဆင်ခြင်ကာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီခုနှစ်ရက်ကို ပလ္လင်္ကသတ္တာဟလို့ ခေါ်ပါတယ်။၂။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင် (ဆိတ်ကျောင်းသားတို့ နားခိုရာညောင်ပင်) သို့ ကြွတော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ဟုံဟုံကအမည်ရတဲ့ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်နှင့် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုကာ ပုဏ္ဏာကြီးက “အရှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါသနည်း၊ ဗြာဟ္မာအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က “အကြင်ရဟန္တာသည် မကောင်းမှုမှ အပပြုပြီးဖြစ်၏။ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်။ ကိလေသာတည်းဟူသော ဖန်ရည်မရှိ။ ဘာဝနာစီးဖြန်းအားထုတ်သော စိတ်ရှိ၏။ မဂ်ဉာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ထိုရဟန္တာသည် ဟုတ်မှန်သော သဘောဖြင့် ဗြာဟ္မာဟူသော စကားကို ပြောဆိုထိုက်၏။ ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံတစ်ခုသော အာရုံတပ်မက်မှုစသည် ဖြစ်ပွားခြင်းတို့ မရှိကုန်“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ (ဥဒါန်း ကျူးရင့်ခြင်းသာ ဖြစ်ပါတယ်။ တရားဟောခြင်းမဟုတ်ပါ)။ ဒီ သတ္တာဟကို အဇပါလသတ္တာဟလို့ ခေါ်ပါတယ်။၃။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ မြတ်စွာဘုရားရှင်ဟာ ကျည်းပင်ရင်းသို့ ကြွတော်မူပြီး အဲဒီကျည်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ခုနှစ်ရက်ပတ်လုံး လေကြီးမိုးကြီး တိုက်ခတ်ရွာသွန်းတဲ့အတွက် မုဉ္စလိန္ဒနဂါးမင်းဟာ ဗိမာန်ကထွက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ကိုခုနှစ်ပတ်ရစ်ပတ်ပြီး ဦးထိပ်မှာပါးပြင်းမိုးကာ လေမိုးဒဏ်ကို ကာကွယ်ပေးပါတယ်။ ခုနှစ်ရက်လွန်လို့ လေမိုးဒဏ်ကင်းတဲ့အခါ နဂါးမင်းဟာ ရစ်ပတ်ထားတဲ့အခွေတို့ကို ဖြေပြီး နဂါးအသွင်ဖျောက်ကာ လုလင်အသွင်ဖြင့် မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ရှေ့တော်မှောက်မှာ ရပ်တည်နေပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က “မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား (နိဗ္ဗာန်ဟူသော) ၀ိဝေကသည် ချမ်းသာ၏။ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တ၀ါအပေါင်းတို့အား မညှင်းဆဲခြင်းသည်လည်းကောင်း ချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှုရာဂကင်းသည်၏အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ်အမြတ်ဆုံးသော ချမ်းသာဖြစ်၏“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ ဒီ သတ္တာဟကို မုဉ္စလိန္ဒသတ္တာဟလို့ ခေါ်ပါတယ်။၎။ အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ ကျဉ်းပင်ရင်းမှ လင်းလွန်းပင်ရှိရာအရပ်သို့ ကြွတော်မူပြီး လင်းလွန်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ဟာ ဥက္ကလာပဇနပုဒ်မှ ဘုရားရှင်ရှိရာအရပ်ကို ခရီးရှည်ထွက်ပါတယ်။ ဒီညီနောင်တို့ရဲ့ ဆွေမျိုးသားချင်းဖြစ်တဲ့ ဘုမ္မစိုးနတ်ဟာ ညီနောင်တို့ကို ဘုရားရှင်းပွင့်တော်မူပြီး အခုလင်းလွန်းပင်ရင်းမှာ သီတင်းသုံးနေတော်မူကြောင်း၊ သွားရောက်ပြီး မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပါက အမြဲထာဝရ စီးပွားချမ်းသာဖြစ်ထွန်း နိုင်ကြောင်းပြောဆိုညွန်ပြပါတယ်။ ညီနောင်နှစ်ယေက်တို့ဟာ ထိုနတ်ညွန်ကြားတဲ့အတိုင်း လင်းလွန်းပင်ရှိရာအရပ်သို့သွားပြီး မြတ်စွာဘုရားရှင်ကို မုန့်ကြွက်ကျစ်နဲ့ ပျားမုန့်ဆွမ်းကို ဆက်ကပ်ပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်အား “ဘုရားရှင်တို့မည်သည် လက်ဖြင့်(သပိတ်မရှိဘဲ) အလှူမခံယူကြကုန်၊ အဘယ်သို့အလှူခံရအံ့နည်း”ဟု အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို အရပ်လေးမျက်နှာမှ နတ်မင်းကြီးလေးယောက်တို့ သိရှိပြီး ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဘုရားရှင်က အဲဒီသပိတ်လေးလုံးကို တစ်လုံးတည်းပြုလုပ်ပြီး ကုန်သည်ညီနောင်တို့ လှူဒါန်းမှုကို ခံယူဘုဉ်းပေးတော်မူပါတယ်။ အဲဒီလို ဘုဉ်းပေးပြီးနောက်မှာ ညီနောင်နှစ်ယောက်ဟာ ဘုရားရှင်ရဲ့ ခြေတော်အစုံကို ဦးခိုက်ရှိခိုးလျှက် “အရှင်ဘုရား…တပည့်တော်တို့သည် ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ)။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)။ မြတ်စွာဘုရားရှင်သည် တပည့်တော်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါဘုရား” ဟု လျှောက်ပါတယ်။ ဒီကုန်သည် ညီနောင်နှစ်ယောက်တို့ဟာ လောကမှာ ပထမဆုံး ဒွေဝါစိကသရဏဂုံတည်တဲ့ ဥပါသကာတွေဖြစ်ကြပါတယ်။ (သံဃာရတနာ မပေါ်သေးတဲ့အတွက် ဘုရား၊ တရားနှစ်ပါးကိုသာ ကိုးကွယ်ဆည်းကပ်ခွင့် ရခဲ့ကြပါတယ်)။ ဒီသတ္တာဟကို ရာဇာယတန သတ္တာဟလို့ ခေါ်ပါတယ်။၅။ ဒီနောက် မြတ်စွာဘုရားဟာ လင်းလွန်းပင်ရင်းမှ ခုနှစ်ရက်လွန်ပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ ကြွရောက်တော်မူပြီး သီတင်းသုံးနေတော်မူပါတယ်။ ဒီနောက် ဆိတ်ကွယ်ရာအရပ်မှာ တစ်ပါးတည်း နေတော်မူပြီး ဘုရားရှင်ရရှိတော်မူပြီးဖြစ်တဲ့ တရားတော်ရဲ့ ခက်ခဲနက်နဲမှု၊ သိမ်မွေ့နူးညံ့မှု ပညာရှိသူတော်ကောင်းတို့သာ ရရှိခံစားထိုက်တဲ့ မြင့်မြတ်တဲ့တရားဖြစ်မှုစတာတွေကို ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတွေ ဖုံးလွှမ်းနေတဲ့ သတ္တ၀ါတွေနဲ့ မထိုက်တန်ကြောင်းစတဲ့ နှလုံးသွင်းမှုများဖြင့် တရားမဟောဖို့ စိတ်အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို ဗြာဟ္မာ့ပြည်မှ သဟမ္ပတိဗြာဟ္မာမင်းကြီး သိရှိတော်မူပြီး မြတ်စွာဘုရားရှင်ရှိရာသို့ လာရောက်၍ သတ္တ၀ါများမှာ အမျိုးမျိုးရှိတဲ့အတွက် တရားတော်ကို သိနိုင်တဲ့၊ ကျွတ်ထိုက်တဲ့သတ္တ၀ါအများအပြားရှိကြောင်း စသဖြင့် အမျိုးမျိုးသော ဥပမာများပေးပြီး တရားဟောဖို့အကြိမ်ကြိမ် တိုက်တွန်းလျှောက်ထားတော်မူပါတယ်။ တိုတိုပြောရရင် နောက်ဆုံးမြတ်စွာဘုရားရှင်ဟာ တရားဟောဖို့လက်ခံလိုက်ပါတယ်။၆။ ဒီလို တရားဟောဖို့ လက်ခံပြီးနောက် ဘယ်သူ့ကို အရင်တရားဟောရမလဲ ကြည့်ရှုတဲ့အခါ တရားရှာစဉ်က ဆရာတွေဖြစ်ခဲ့ဖူးတဲ့ အာဠာရကာလာမ နဲ့ ဥဒကရာမပုတ္တတို့ကို အရင်ဟောဖို့အကြံဖြစ်ပေမယ့် နှစ်ဦးလုံး ကွယ်လွန်သွားပြီဖြစ်လို့ နောက်ဆုံး တရားအားထုတ်စဉ်အလုပ်အကျွေးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ပထမဦးဆုံး တရားဦးဟောဖို့ အကြံဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီတို့ရှိရာ ဗာရဏသီပြည် ဣသိပတန မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းခရီးမှာ ဥပကအာဇီဝကနဲ့တွေ့ပြီး ဥပကကမြတ်စွာဘုရားရှင်ရဲ့ တည်ကြည်သန့်ရှင်းမှု ဣနြေ္ဒရင့်ကျက်မှုစတာတွေကို သိရှိပြီး ဘယ်သူကို ရည်ညွန်းပြီးရဟန်းပြုသနည်း၊ သင့်ဆရာသည် ဘယ်သူနည်း၊ ဘယ်တရားကို နှစ်သက်သနည်းစသဖြည့် လျှောက်ထားတဲ့အခါ ဘုရားရှင်က ကိုယ်ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး သစ္စာလေးပါးနှင့်သဗ္ဗညုတဉာဏ်တော်တို့ကို ရရှိခဲ့တဲ့အတွက် ဆရာမရှိကြောင်း လောက၌အတုမရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုတ်မာသော အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်တဲ့အတွက် ဇိနမည်ကြောင်း စသည်ဖြင့် မိန့်ကြားတော်မူပါတယ်။ ဥပကက ဘာမှမပြောဘဲ သင်ပြောတဲ့အတိုင်း ဟုတ်ပေရာ၏ဟု ဦးခေါင်းကို ညိတ်ကာလမ်းဖယ်သွားပါတယ်။ ဒီနောက်မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီတို့ရှိရာ အရပ်ကိုရောက်ရှိပါတယ်။ ပဉ္စ၀ဂ္ဂီတို့ဟာ ဘုရားရှင်ကြွတော်မူလာတာကို အဝေးကပင်မြင်နေရတဲ့အတွက် ခရီးဦးမကြိုဆို နေရာထိုင်ခင်းမပေးဘဲနေကြဖို့ ကတိပြုထားကြပေမယ့် ဘုရားရှင်အနီးရောက်လာတဲ့အခါ ကတိတွေအလိုလိုဖျက်ကာ ခရီးဦးကြိုဆိုခြင်း၊ နေရာခင်းပေးခြင်း စတာတွေကို ပြုကြပါတယ်။ တိုတိုပြောရရင် အဲဒီမှာ ဘုရားရှင်ဟာ ပထမဦးဆုံး တရားဦး ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူပြီး ပဉ္စ၀ဂ္ဂီငါးဥိးတို့ကို အသီသီး တစ်ရက်စီတစ်ရက်စီ သောတပန်တည်ကာ ရဟန္တာအဖြစ်ကို ရောက်စေတော်မူပါတယ်။ (ကျမ်းကိုး = ၀ိနယပိဋက၊ မဟာဝဂ္ဂပါဠိ၊ ပထမက္ခန္ဓက)လိုရင်းကို အကျဉ်းပဲဖော်ပြဖို့ စိတ်ကူးရှိပေမယ့် သိသင့်တယ်ထင်တာနဲ့ ပါဠိတော်မှာ ပါတဲ့အတိုင်း တစ်ပိုဒ်ချင်း အလျဉ်းသင့်သလို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပါဠိတော်လာ ဘုရားရှင်ရဲ့ ဒီဖြစ်စဉ်ကို ကြည့်ရင် ဒကာတော်ရဲ့ မေးခွန်းများရဲ့ အဖြေကို နားလည်သဘောပေါက်မှာပါ။ နံပါတ် (၁) အမေးအတွက် ဖြေကြားရရင် ဘုရားရှင်တို့ရဲ့ ဓမ္မတာ (ကျမ်းကိုး = မဟာပဒါသုတ်၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ) သုံးဆယ်တွင်ပါဝင်တဲ့ -တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း (ကုန်သည်ညီနောင်နှစ်ဦးသည် ဗြာဟ္မာကြီး မတောင်းပန်ခင် ဘုရားရှင်နှင့်တွေ့)၊ ဣသိပတနမိဂဒါဝုန်တော၌သာ တရားဦးဒေသနာတော်ကို ဟောတော်မူခြင်းဟူသော ဓမ္မတာသဘောများအရ လည်းကောင်း၊ ပါဠိတော်လာ ဖြစ်စဉ်ဖော်ပြချက်များအရလည်းကောင်း ဓမ္မစကြာဒေသနာသည်သာ တရားဦးဒေသနာဖြစ်ပါတယ်။ နောက်တစ်ချက်က တပုဿဘလ္လိက ကုန်သည်ညီနောင်တို့ဟာ ပဉ္စ၀ဂ္ဂီငါးဦးအရင် ဘုရားရှင်နဲ့တွေ့တာ မှန်ပေမယ့် ဘုရားရှင်ကို ဥပါသကာအဖြစ်သာ လက်ခံဖို့လျှောက်ပြီး တရားဟောဖို့ မလျှောက်ပါဘူး။ (ရာဇာယတနသတ္တာဟလာ စကားရပ်ကို သေချာစွာ ဖတ်ကြည့်ပါရန်)။ ဘုရားရှင်ဟာ သူတို့ကို တရားလည်း မဟောပါဘူး။ ဘုရားရှင်ကို ဖူးတွေ့ကြည်ညိုပြီး ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ သူတို့ကိုယ်တိုင် ဥပါသကာအဖြစ်ခံယူကာ ဘုရားရှင်ကိုလည်း ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားကြခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဘုရားရှင်က ဧတဒဂ်ရာထူးများ ပေးတဲ့အခါ ကုန်သည်ညီနောင် နှစ်ယောက်ကို ပထဦးစုံး ဒွေဝါစီကသရဏဂုံတည်သူများအဖြစ် ဧတဒဂ်ပေးပါတယ်။ စာပေတွေမှာလည်း ဒီကုန်သည်ညီနောင်ကို တရားဟောကြောင်း ဖော်ပြချက်များ မပါရှိပါ၊ တွေ့လည်းမတွေ့ရပါ။ မဟာယာနကျမ်းစာများမှာဆိုရင် တပုဿဘလ္လိကအကြောင်း ဖော်ပြချက်တောင်မရှိကြောင်း သိရပါတယ်။ ထေရ၀ါဒကျမ်းများမှာတော့ အထက်ပါဖော်ပြချက်အတိုင်းပါရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောလိုတာက ဓမ္မစကြာဒေသနာသည်သာ ဘုရားရှင်ရဲ့ တရားဦးဒေသနာဖြစ်ကြောင်း ဖြေကြားလိုရင်းဖြစ်ပါတယ်။နံပါတ် (၂) မေးခွန်းရဲ့ အဖြေဟာလည်း ပထမအဖြေဖတ်ပြီးရင် သဘောပေါက်မှာပါ။ ဘုရားရှင်ရဲ့ တရားတော်ကို ကိုယ်တိုင်နာယူလိုက်ရတဲ့ ပုဂ္ဂိုလ်များအနက် ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အခြားအခြားသော ပုဂ္ဂိုလ်များဟာ အသီသီးတရား ရသွားသူများဖြစ်ကြပါတယ်။ ဒီကုန်သည်ညီနောင်ကတော့ ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ကြရပေမယ့် တရားဟောဖို့ မလျှောက်ကြပါဘူး။ ဒွေဝါစိကသရဏဂုံခံယူပြီး ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့သာ လျှောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သရဏဂုံတည်ရုံအဆင့်သာ ရောက်ရှိသွားကြသူများဖြစ်ပြီး ဘုရားရှင်ရဲ့တရားကို နာခွင့်မရလိုက်သူများဖြစ်ပါတယ်။ ဒါဖြင့် ဓမ္မံ သရဏံ ဂစ္ဆာမိ ဟု ဘာကြောင့်ဆောက်တည်ကြတာလဲလို့ စောဒကတက်စရာ ရှိပါတယ်။ တကယ်တော့ ဘုရားရှင်ပွင့်ပြီဆိုတာနဲ့ ဓမ္မရတနာလည်း ပါပြီးဖြစ်ပါတယ်။ ဘုရားရှင်က မဟောလို့ မနာရပေမယ့် တရားတော်ဟာ ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒွေဝါစိက သရဏဂုံဆောက်တည်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဘုရားရှင်ကိုယ်တော်တိုင်လည်း အရဟတ္တဖိုလ်ချမ်းသာကို ခံစားစဉ်ဖြစ်တဲ့အပြင် တရားဟောဖို့လည်း စိတ်ကူးရှိဟန် မတူပါဘူး။ တရားမဟောဖို့တောင် အကြံဖြစ်ခဲ့ပါသေးတယ် (သဟမ္ပတိဗြာဟ္မာမင်း တောင်းပန်လျှောက်ထားသည့် အပိုင်းကိုကြည့်ပါ)။ ဒါကြောင့် ကုန်သည်ညီနောင်တို့ဟာ တရားနာခွင့်မရလိုက်တဲ့အတွက် တရားလည်းမရလိုက်ကြပါဘူး။ တရားမရတဲ့အတွက် သောတာပန်ဖြစ်တယ်လို့လည်း ပြောလို့မရပါဘူး။ သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး စာပေကျမ်းဂန်တွေမှာလည်း ပထမဆုံး ဒွေဝါစိကသရဏဂုံတည်သူများ၊ ပထမဆုံးသရဏဂုံတည်သူဟူသော ဧတဒဂ်ရသူများ အဖြစ်သာ ဖော်ပြပါတယ်။ အထွေအထူးတရားရကြောင်း ဖော်ပြတာမတွေ့ရပါ။

ဖတ်ကြည့်ချင်သေးလား....

အင်္ဂုလိမာလ....ပြီးတော့ ယောနိသောမနသိကာရ....(ဘုန်းဘုန်း ကို ကျွန်တော် ဘလော့ထဲမှာ မေးဖြစ်တယ်)

Q.. အရှင်ဘုရား…ဦးတင်ပါတယ်ဘုရား…အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်ပြုတော့ ၀ဋ်ကျွေးခံရသေးတယ်။ အင်္ဂုလိမာလကောဘုရား…တပည့်တော်သိချင်ပါသည်ဘုရား။ နောက်ပြီး ယောနိသောမနသိကာရအကြောင်း ကိုလည်း ထပ်မေးချင်ပါတယ်ဘုရား။ တိုးတက်လိုသူတွေမှာ ရှိသင့်မရှိသင့်။ အောင်မြင်မှုဟာ ပြိုင်ဘက်ကိုအခြေပြုရင် ယောနိသောမနသိကာရက အတားအဆီး ဖြစ်မဖြစ်သိချင်ပါသည်ဘုရား။
(ကိုဝင်းလတ်)

A. မြတ်စွာဘုရားအပါအ၀င် အရှင်မဟာမောဂ္ဂလာန်စတဲ့ အဂ္ဂသာဝကအချို့ ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးခံကြရတာမှန်ပါတယ်။ အဲဒီဝဋ်ကျွေးဟာ အတိတ်ဘ၀တစ်ခုခုက ပြုလုပ်ခဲ့တဲ့ ၀ဋ်ကျွေးများကို ယခုဘ၀မှာ ခံကြရခြင်းဖြစ်ပါတယ်။ ငရဲမှာအပ ၀ဋ်မှာအမြဲဆိုတဲ့ စကားလို ငရဲမကျအောင် တစ်ခြားကုသိုလ်ကောင်းမှုများ ကြိုးစားရင်းကာကွယ်လို့ ရပေမယ့် ၀ဋ်ကတော့ လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် တန်ခိုးတော်အရာမှာ ဧတဒဂ်ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်ပင် ခိုးသားငါးရာရဲ့ ရိုက်နက်မှုကို တန်ခိုးတော်နဲ့နှစ်ကြိမ်တိုင် ရှောင်ထွက်သွားနိုင်ပေမယ့် သုံးကြိမ်မြောက်မှာတော့ မရှောင်တော့ဘဲ ၀ဋ်ကျွေးကို ဆပ်သွားတဲ့ သာဓကရှိပါတယ်။ အင်္ဂုလိမာလ မထေရ်မြတ်ကတော့ နောက်ဆုံးဘ၀မှာ ဆရာ့ကျေးဇူးကို ဆပ်ဖို့အတွက် လူသားတွေကိုသတ်ပြီး လက်ညှိုးတွေဖြတ်ခဲ့ပါတယ်။ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင် နောက်ဆုံးတစ်ချောင်းအတွက် ဘယ်သူလာလာ သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ မိခင်ကလည်းသားကို တားမြစ်ဖို့သားရှိရာကို သွားနေတဲ့အချိန်ပါ။ အကယ်၍များ အမေကိုသတ်မိမယ်ဆိုရင်တော့ အင်္ဂုလိမာလဟာ ပဉ္စာနန္တရိယကံကြောင့် သေချာပေါက် အ၀ီစိငရဲကိုလားမှာပါ။ အဲလို မဖြစ်အောင်ဘုရားရှင်က ကြားက၀င်ပြီး ကယ်တင်လိုက်နိုင်ပါတယ်။ ဘုရားရှင်ကယ်တယ်ရတာဟာလည်း အင်္ဂုလိမာလဟာ အတိတ်အတိတ် ဘ၀က ဖြည့်ခဲ့တဲ့ ပါရမီတွေ ကုသိုလ်တွေရဲ့အစွမ်းနဲ့ ဒီဘ၀မှာ ဘယ်လိုပဲဖြစ်ဖြစ် နိဗ္ဗာန်ဝင်ရမယ့် နောက်ဆုံးပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲဒီမှာ အင်္ဂုလိမာလဟာ ဘုရားတရားတော်နာပြီး သောတာပန်တည်ပါတယ်။ သောတာပန် တည်တာနဲ့တပြိုင်နက် အပါယ်လားစေနိုင်တဲ့ အကုသိုလ်တွေကို ပယ်သတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေကို သတ်တဲ့ကံကြောင့် ပြန်ပြီးဝဋ်လည်တာတို့ မရှိတော့ပါဘူး။ တစ်ဘက်ကတွေးမယ်ဆိုရင်လည်း အဲဒီအသတ်ခံရတဲ့ သူတွေဟာလည်း အတိတ်ဘ၀တစ်ခုခုက ၀ဋ်ကျွေးကို ပြန်ဆပ်ရတာလို့ တွေးလို့ရနိုင်ပါတယ်။ ဒါတောင် အင်္ဂုလိမာလဟာ ကြီးမားတဲ့ ၀ဋ်ကျွေးတွေကို မခံလိုက်ရပေမယ့် ရဟန်းဖြစ်ပြီး ဆွမ်းခံကြွတဲ့ အချိန်မှာ သူသတ်ခဲ့တဲ့ သူအချို့ရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေရဲ့ ၀ိုင်းပြီးခဲနဲ့ပေါက်တာတို့ ဆွမ်းလောင်းမဲ့သူ မရှိလို့ ဆွမ်းမရတာတို့ ကြုံရပါသေးတယ်။ နောက်ဆုံးမီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အင်္ဂုလိမာလသုတ်ဟောပြီး မီးဖွားပေးစေမှ ပြန်ပြီးလူတွေရဲ့ ကြည်ညိုမှုကို ရသွားပါတယ်။ အင်္ဂုလိမာလရဲ့ နောက်ဆုံးဘ၀မှာ ၀ဋ်ကျွေးနဲ့ပတ်သက်လို့ ဒီလောက်ပဲ ခံရပြီး တစ်ခြားကြီးကြီးမားမား ခံရတဲ့အကြောင်း စာပေမှာ မတွေ့ပါဘူး။ B.ယောနိသောမနသိကာရ ဆိုတဲ့စကားလုံးကို စာပေအတိုင်း တိုက်ရိုက်ပြန်ဆိုရရင် “အသင့်အတင့် နှလုံးသွင်းခြင်း” လို့ ပြန်ဆိုလို့ရပါတယ်။ လူပြိန်းနားလည်အောင်ပြောရရင် “အပြစ်မဖြစ်အောင် နှလုံးသွင်းခြင်း၊ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းခြင်း”လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ယောနိသောမနသိကာဖြစ်အောင် နေတာဟာ အကုသိုလ်မဖြစ်အောင်နေတာ။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာ။ ပိုပြီးအလွယ်ပြောရရင် အကောင်းဘက်က မြင်ကြည့်ပေးတာလို့ ပြောကြည့်နိုင်ပါတယ်။ စိတ်ကောင်းထားတာပေါ့။သေချာတာပေါ့။ ဒီယောနိသောမနသိကာရဟာ တိုးတက်လိုသူတွေမှာ လုံးဝရှိရမယ့် တရားပါ။ ယောနိသော မနသိကာရမရှိဘဲ သူနဲ့ဆန့်ကျင်ဘက် အယောနိသော မနသိကာရရှိရင်တော့ ဘယ်လိုမှ အောင်မြင်တိုးတက်မှု မရနိုင်ပါဘူး။ အပေါင်းအသင်းကောင်းလို့ ပတ်ဝန်းကျင် မိဘဆွေမျိုး အသိုင်းအ၀ိုင်းကောင်းလို့ အောင်မြင်တိုးတက်မယ် ဆိုရင်လည်း ခဏပဲဖြစ်မှာပါ။ အောင်မြင်မှုအတွက် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း ဒီယောနိသော မနသိကာရကို လက်ကိုင်ထားပြီး ပြိုင်ဆိုင်မယ်ဆိုရင် ပိုပြီးအောင်မြင်တိုးတက်မှာပါ။ ဒီနေရာမှာ ပြိုင်ဆိုင်မှုအကြောင်း နည်းနည်းပြောချင်ပါတယ်။ ပြိုင်တယ်ဆိုတာ နှစ်မျိုးရှိပါတယ်။ သူတစ်ပါးနဲ့ပြိုင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုပြိုင်ခြင်းပါ။ အဲလိုပြိုင်ရာမှာလည်း သူတစ်ပါးကို ထိခိုက်နစ်နာစေပြီးမှ အောင်နိုင်မှုရတဲ့ ပြိုင်ဆိုင်မှုနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ကိုယ်လမ်းကိုယ်ဖြောင့်ဖြောင့်သွားပြီး ရိုးသားစွာပြိုင်ဆိုင်တဲ့ ပြိုင်ဆိုင်မှုမျိုးလို့ နှစ်မျိုးနားလည် သဘောပေါက်နိုင်ပါတယ်။ အဲဒီပြိုင်ဆိုင်မှု နှစ်မျိုးမှာ မရိုးမသား ပြိုင်ဆိုင်မှုကတော့ ဘယ်လိုမှ အောင်မြင်မှု မရနိုင်ပါဘူး။ မရိုးသားတဲ့ စိတ်ရှိတာကိုက အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းမမှန်ကန်တာပါ။ ကံကောင်းလို့ အောင်မြင်တယ်ဆိုလည်း ခဏပါ။ စိတ်ကောင်းနှလုံးကောင်း ယောနိသောမနသိကာရလေးထားပြီး ရိုးသားစွာပြိုင်ဆိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တဲ့ ပြိုင်ဆိုင်မှုဖြစ်မှာပါ။ အတိတ်ပါရမီနည်းလို့ ထင်သလောက် မအောင်မြင်တာတောင်မှ ရိုးသားစွားကြိုးစားတဲ့ ၀ီရိယအကျိုးတော့ ခံစားရမှာပါ။ အဲလိုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ သဘောပေါက်ထားရမှာက ယောနိသောမနသိကာကြောင့်တော့ ပြိုင်ဆိုင်မှုကို အတားအဆီးမဖြစ်နိုင်ဘူးဆိုတာပါ။တကယ်တော့ ပြိုင်တယ်ဆိုတဲ့နေရာမှာ သူများနဲ့ပြိုင်တာထက် ကိုယ့်ကိုယ်ကိုယ်နဲ့ ပြိုင်တာက ပိုပြီးအောင်မြင် တိုးတက်နိုင်ပါတယ်။ ဒီနေ့ငါနဲ့ မနက်ဖြန်ငါ မတူရအောင် ဒီနေ့ငါကို မနက်ဖြန်ငါက အနိုင်ရအောင်ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ဒီလောက်ပဲသိတယ်ဆိုရင် မနက်ဖြန်ငါက ဒီနေ့ငါကို အနိုင်ရအောင် ဒီထက်ပိုပြီးသိအောင် ပြိုင်သင့်ပါတယ်။ ဒီနေ့ငါဟာ ကုသိုလ်၊ ပညာ၊ ဥစ္စာ စတာတွေ ဒီလောက်ပဲရလိုက်တယ်ဆိုရင် မနက်ဖြန်ငါက ဒီထက်ပိုပြီးရအောင် ပြိုင်နိုင်ရပါမယ်။ ဒီနေ့ငါရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ စတာတွေဟာ ဒီလောက်ပဲ တည်ငြိမ်အေးချမ်းသိမ့်မွေ့နေပေမယ့် မနက်ဖြန်ငါက ဒီထက်ပိုပြီး သိမ်မွေ့နူးညံ့အောင် ပြိုင်ဆိုင်သင့်ပါတယ်။ အဲလိုပြိုင်ဆိုင်နိုင်မယ်ဆိုရင် သေချာပေါက် လောကီလောကုတ္တရာ အကျိုးတွေဖြစ်ထွန်းပြီး အောင်မြင်မှုရမှာ မလွဲပါဧကန်ဖြစ်ပါတယ်လို့ လိုရင်းအနှစ်ချုပ် ဖြေကြားပေးလိုက်ပါတယ်ကွယ်….

ဖတ်ကြည့်ချင်သေးလား....

Monday, April 7, 2008

သေခြင်းတရားဟာ သဘာဝပါဆိုပေမဲ့
လောကကြီးမှာ ရက်ပိုင်းမခြား
ဆိုးဝါးစွာ မုန်တိုင်းတိုက်
သောကတွေ ရင်လှိုင်းရိုက်ခဲ့ပေါ့..။
ကြေးမှုံနဲ့လူထု
မြန်မာပြည်ကို မျက်ကွယ်ပြုကြပြီ..။
မငြိမ်းတဲ့မီး ရှည်လျားသောခရီးကို
သားသမီးတွေအတွက် အားပေးသောလက် နှစ်ဖက်
ကွယ်ပျောက်ခဲ့ပြီလေလား..အော် သေခြင်းတရားရယ်..။
လူတစ်ယောက်ရဲ့မျက်နှာ
မဲ့တဲ့အခါလဲရှိ ပြုံးတဲ့အခါလဲရှိ
အေးချမ်းတဲ့မျက်နှာလဲရှိ မငြိမ်းချမ်းတဲ့မျက်နှာလဲရှိ
ကရုဏာများနဲ့မျက်နှာလဲရှိ ဒေါသထားတဲ့မျက်နှာလဲရှိ

ဒီလိုဒီလို
ကုသိုလ် အကုသိုလ် မျက်နှာများကို
ကြေးမှုံကဖေါ်ပြ
တန်ဘိုးရှိလှ လူ့ဘ၀ရုပ်ပုံ
ဆုံးဖြတ်ပုံ ဘယ်လိုကို
သမာဓိရှိရှိ ရဲရဲကြည့်ပြီးပြီလား
ကြေးမှုံမှာ အဲဒီလို သဘောထားရှိတယ်နော်...။
သမိုင်းရာဇ၀င် ထင်ဟတ်ခဲ့
ကြေးမှုံဦးသောင်းရဲ့ ကလောင်သွား ထက်မှာ
အဖြေတွေ အများကြီးရှိခဲ့ပါတယ်...။
ခုတော့ ဆက်ရေးရဦးမဲ့သမိုင်း
အို.... ကြေးမှုံပြင် မှိုင်းပါပေ ပေါ့လား...။ ။
အမေဆိုတာ အနာဂတ်ရဲ့ လမ်းပြပါ
အမေဆိုတာ အမှန်တရားရဲ့ ပြရုပ်ပမာ
အမေဆိုတာ သားသမီးတွေရဲ့ အားထားရာပါ အမေရယ်.......။
လူတစ်စုမှာ အမေမရှိပေမဲ့
လူထုမှာတော့အမေရှိတယ်...။
လူတစ်စုက အမေ့ကို အား မထားပေမဲ့
လူထုက အမေ့ကို အားထားခဲ့တယ်...။
အကောင်းမမြင် လူတစ်စုကို အမေအပြစ်မမြင်ခဲ့ဘူး
လူထုကိုတော့ အကောင်းဆုံးဘ၀ အမေမြင်တွေ့သွားချင်ရှာခဲ့တယ်..။
အမေရယ်...
အမေ့ဘ၀လမ်းတစ်လျှောက်
လူထုအတွက်ခွန်အားတွေ ထောက်ပံ့ခဲ့
အမှန်တရားနဲ့ လှမ်းလျှောက်ခဲ့တာ...
ကမ္ဘာကသိပါတယ်အမေ...။
ခုတော့ အမေရယ်...
အမေမရှိသည့် အိမ်
ရွှေအတိ ဆင်စေဦးတော့
အသွင်သာအမြင်ဆန်းပေလိမ့်
နန်းတော်ကြီး အရုပ်အိမ်
လူထုအတွက် တကယ့်ကို အရုပ်အိမ်ပါဘဲ အမေရယ်...။ ။
ဘဘကြေးမှုံဦးသောင်း
ဖွားဖွား လူထုဒေါ်အမာ ကောင်းရာသူ့ဂတိ ရောက်ပါစေ..။
ဝင်းလတ်(ကိုရီးယား)(8-4-08)

ဖတ်ကြည့်ချင်သေးလား....