Thursday, March 27, 2008

စစ်တပ် ပြိုကွဲမှာပဲလို့ ထည့်မတွက်ပါနဲ့ (ဆောင်းပါး)


မောင်ထွန်း
Wednesday, 26 March 2008 11:01 - မြန်မာစံတော်ချိန်
လာရီရေဂင်ရဲ့ ‘လမ်းပြ မြေပုံအပေါ် မြန်မာ့ တပ်မတော်အတွင်း စိတ်ဝမ်းကွဲစ ပြုလာပြီ’ (မဇ္ဈိမသတင်း - ၂၁ မတ်လ ၂ဝဝ၈) ကို ဖတ်ပြီး ကျနော့် ကိုယ်ပိုင်အတွေ့အကြုံ၊ လေ့လာ တွေ့ရှိချက်တွေကို အခြေခံ၍ ပြောကြားလိုစိတ် ပေါ်လာပါတယ်။ ကျနော်က ဗိုလ်မှူးချုပ် အောင်ကြီးရဲ့ သွေးဝေးတဲ့ ဆွေမျိုး တော်စပ်သူတဦးပါ။ သူဟာ တချိန်က မြန်မာ စစ်အာဏာရှင် နေဝင်းရဲ့ လက်ရုံး၊ နောက်တော့ အာဏာရှင်ကို ပွင့်လင်းစွာ ဝေဖန်သူတဦး ဖြစ်လာပါတယ်။ ကျနော့်အဖေက ကာကွယ်ရေးဝန်ကြီးဌာနမှာ အတော်ကြာ အမှုထမ်းခဲ့ပါတယ်။
၁၉၈၈ ဇူလိုင်လအတွင်းက တနေ့မှာ ကျနော့်အဖေ ရုံးက ပြန်လာတော့ မျက်နှာမကောင်းပါ။ ရုံးက အစည်းအဝေးမှာ သူ ကြားခဲ့တာကို ကျနော်တို့ကို ပြန်ပြောပြပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဦးအောင်ကြီးရဲ့ ဦးနေဝင်းထံ ပေးစာတွေကို ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်မှူးကြီး အောင်သိန်းက ဝေဖန်တယ်တဲ့။ အစည်းအဝေးအဆုံးမှာ သူက ဘာပြောသလဲ ဆိုတော့ သူတို့ အစိုးရကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် တန်ဖိုးဘယ်လောက် ပေးရ ပေးရ ကာကွယ်ရမယ်တဲ့။ လိုအပ်ရင် လူတသန်းလောက်လည်း သတ်ချင် သတ်ရမှာပဲတဲ့။ ဆက်ပြောလိုက်သေးတာက ဗမာပြည် လူဦးရေ ၃၈ သန်းမှာ ၁ သန်းသတ်လိုက်ရင် အုပ်ချုပ်ရတာ ပိုတောင် လွယ်သွားသေးတာပေါ့တဲ့။
ကျနော့်အဖေနဲ့ တခြားရဲဘော်ဟောင်းကြီးတွေ၊ အရာရှိငယ်တွေကတော့ တယောက်နဲ့ တယောက် ခေါင်းခါပြ စိတ်ပျက်လက်ပျက်နဲ့ ကိုယ့်ရုံးခန်း ကိုယ်ပြန်လာခဲ့ကြ ရတယ်တဲ့။ ဘာတွေ ဆက်ဖြစ်တော့မလဲဆိုတာ အချင်းချင်း တိုင်ပင်ရင်း ရှေ့မှာ သိပ်မကြာတော့ဘူး၊ သွေးထွက်သံယိုတွေ ဖြစ်တော့မှာပဲဆိုတာ သူတို့ သိနေကြတယ်တဲ့။ နောက် သိပ်မကြာဘူး၊ ဗိုလ်ချုပ်အောင်ကြီးနဲ့ သူ့ရဲဘော်တချို့ အဖမ်းခံကြရတယ်၊ သေဒဏ် အပေးခံကြရတယ်။
နောက်တော့ မြန်မာ့သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ ၁၉၈၈ အုံကြွမှုကြီး ဖြစ်တယ်။ ဦးအောင်ကြီး အင်းစိန်ထောင်က ပြန်လွတ်လာတယ်။ “တပ်ထဲမှာ သိပ်အစွန်းရောက်တဲ့လူတွေ လက်တဆုပ်စာလောက် ရှိကောင်း ရှိမယ်။ ဒါပေမဲ့ သူတို့ ဘာမှ မလုပ်နိုင်ပါဘူး၊ ဦးနေဝင်းရဲ့ အမိန့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပေးပြီး တက်လာတဲ့ အစိုးရသစ်ကို အာဏာလွှဲရမှာပဲ” လို့ သူက ကျနော့်ကို ပြောပါတယ်။ သူ ဒီလို ပြောတာ ကြားတော့ ကျနော် အရမ်း တက်ကြွသွားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထဲကို ဝင်ပါတယ်။ ရွေးကောက်ပွဲ ကာလအထိ ဒီချုပ်ထဲမှာ လုပ်ခဲ့ပါတယ်။
သူ ဗထူးတပ်မြို့က စစ်တက္ကသိုလ်မှာ ကျောင်းအုပ်လုပ်စဉ် ထွန်းကြည်နဲ့ မောင်အေးတို့ စစ်တက္ကသိုလ်အပတ်စဉ် (၁) ဗိုလ်လောင်းတွေ အဖြစ်နဲ့ တွေ့ခဲ့ရတုန်းက အကြောင်းတွေ ဦးအောင်ကြီးက မကြာခဏ ကျနော်တို့ကို ပြန်ပြောပြပါတယ်။ ဒီကျောင်းမှာ ရှိစဉ် သူတို့ ၂ ယောက်စလုံး ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်ပါ့မယ်လို့ နိုင်ငံတော်အလံကို လက်မှာ ကိုင်ပြီး သစ္စာဆိုခဲ့ကြရတာ။ ဒါကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ SLORC ဆိုတဲ့ နဝတ ဟာ သေချာပေါက် ရွေးကောက်ပွဲ ကျင်းပပေးမှာပဲလို့ ပြောခဲ့ပါတယ်။ ဒီ တပ်မှူးကြီး ၂ ယောက်ဟာ ဒီချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ သူနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှာပါလို့ ယုံကြည်နေခဲ့ပါတယ်။
ဒါပေမဲ့ ဒါတွေ တခုမှ ဖြစ်မလာတဲ့အပြင် သူ ရွေးကောက်ပွဲအတွက် ရှမ်းပြည်ကို ခရီးထွက်စဉ်မှာ နှောင့်ယှက်တာ၊ အရှက်ခွဲတာပဲ ခံခဲ့ရပါတယ်။ ဦးအောင်ကြီးဟာ ‘စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့’ ဆိုတဲ့ စကားနဲ့ စစ်တပ်ရဲ့ ထောက်ခံမှုရအောင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ကို လူမုန်းတာသာ အဖတ်တင်ခဲ့ပါတယ်။ ထွန်းကြည်နဲ့ မောင်အေးတို့ ဒီမိုကရေစီအတွက် မားမားမတ်မတ် ရပ်တည်မှာပါလို့ သူတကယ် ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီလူတွေ ခြစား အကျင့်ပျက်လွန်းလှတော့ ဦးအောင်ကြီး မျှော်လင့်ခဲ့သလို သူတို့ မစဉ်းစားခဲ့ကြပါဘူး။
အပြင်ကနေ ကြည့်ရင်တော့ တပ်ထဲမှာ သဘောထား ပျော့ပြောင်းတဲ့ ဗိုလ်ချုပ်တွေ ရှိမယ်၊ ဒါမှမဟုတ် အတိုက်အခံအပေါ် စာနာတဲ့သူတွေ ရှိမယ်ပေါ့။ တကယ်တော့ ကျနော်တို့ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တာကို စိတ်ကူးယဉ် အိပ်မက် မက်နေတာပါ။ ဒီ တပ်မတော် အရာရှိတွေရဲ့ သဘောထားနဲ့ စဉ်းစားပုံကို ကျနော်တို့ နားလည်ဖို့ လိုပါတယ်။ သူတို့ အမြဲတမ်း တကယ်ဖြစ်ချင်တာက သူတို့ စည်းစိမ်ဥစ္စာနဲ့ သူတို့ အခန်းကဏ္ဍရဲ့ အရေးပါမှုကို ထိန်းသိမ်းထားချင်တာပါ။ ဒီအကျိုးစီးပွား ၂ ရပ်ကို ထိလာမယ့် ဘယ်လိုစွန့်စားရမှုကိုမှ သူတို့ လုပ်မှာ မဟုတ်ပါ။
၁၉၆၂ ခုနှစ်တုန်းက ဦးအောင်ကြီးဟာ တပ်ထဲမှာ ဒု ဦးစီးချုပ်ပါ၊ ဒုတိယ နေရာမှာပါ။ သိပ်မကြာဘူး သူ သိလာပါတယ်။ ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ် မတိုင်ခင်တုန်းကလို မဟုတ်တော့ဘူး၊ သူနဲ့ သိပ်မျက်နှာချင်း မဆိုင်ချင်လှတော့ဘူး၊ သူ လုပ်နေတာတွေဟာလည်း လမ်းမှားကို ဦးတည်နေပြီ ဆိုတာတွေ ဦးအောင်ကြီး သိလာပါတယ်။ ဒီအချိန် ဦးအောင်ကြီးက အရမ်း ရေပန်းစားနေပါတယ်။ အမေရိကန် အစိုးရကလည်း သူ့ကို မြန်မာပြည်ရဲ့ အလားအလာရှိတဲ့၊ တောက်ပတဲ့ ခေါင်းဆောင်သစ်တယောက်အနေနဲ့ စောင့်ကြည့်နေပါတယ်။ ဦးနေဝင်း ဆေးစစ်ဖို့၊ မြင်းပွဲသွားဖို့၊ စိတ်ဖိစီးမှုက သက်သာရာရအောင် လုပ်ဖို့တွေအတွက် အင်္ဂလန်သွားဖို့ရာ ဦးအောင်ကြီးက မကြာခဏ စီစဉ် ဆောင်ရွက်ပေးခဲ့ရပါတယ်။ ဦးအောင်ကြီးအတွက် တိုင်းပြည်ရဲ့ အနာဂတ်အတွက် လမ်းကြောင်းပြောင်း ချီတက်ဖို့၊ အာဏာကို ရယူဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပါတယ်။ ဒါပေမဲ့ သူ မလုပ်ခဲ့ပါဘူး။ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ ဦးအောင်ကြီး ထောင်ထဲ ရောက်သွားပါတယ်။ တိုင်းပြည်ကို ဦးနေဝင်း ထင်သလို အုပ်ချုပ်တာ ၂၆ နှစ် ခံခဲ့ရပါတယ်။ တိုင်းပြည်လည်း အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဖြစ်သွားခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးတင်ဦးက ကာကွယ်ရေး ဦးစီးချုပ်ပါ။ သူ့ကိုလည်း တနိုင်ငံလုံးက စစ်သားကောင်းတဦးအနေနဲ့ အသိအမှတ်ပြုပြီး ရေပန်းစားပါတယ်။ လူထုက သူ့ကို ဦးနေဝင်းထံက အာဏာသိမ်း ယူလိမ့်မယ်လို့ မျှောင်လင့်ခဲ့ကြပါတယ်။ ဒါလည်း မဖြစ်ခဲ့ပါဘူး၊ ဦးအောင်ကြီးလိုပဲ သူလည်း ထောင်ထဲ ရောက်သွားပါတယ်။ အရာရှိငယ် တော်တော်များများ သေဒဏ်ပေးခံရပါတယ်။
ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက ဗိုလ်ချုပ်ခင်ညွန့်ကို နဝတ ဗိုလ်ချုပ်တွေထဲမှာ သဘောထား ပျော့ပြောင်းသူ၊ အလယ်အလတ် သဘောထားရှိသူလို့ ယူဆခဲ့ကြပါတယ်။ နဝတ က နောင်တော့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) လို့ ၁၉၉၇ ခုနှစ်မှာ နာမည် ပြောင်းပါတယ်။ ဗိုလ်ခင်ညွန့်ဟာ စစ်ထောက်လှမ်းရေး အကြီးအကဲ၊ နအဖအဖွဲ့ အတွင်းရေးမှူး (၁)၊ နောင်မှာ ဝန်ကြီးချုပ်အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဗိုလ်ခင်ညွန့်လည်း သူ့ရှေ့က နောင်တော်တွေလိုပဲ အာဏာရယူဖို့ ဘာမှ မလုပ်ခဲ့၊ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
ကျနော် ပြောချင်တာ မြန်မာ့တပ်မတော်ထဲက အရာရှိကြီးတွေဟာ သူတို့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်အခြေအနေ မကောင်းဘူး ဆိုတာ သိပေမယ့် သူတို့ ရာထူး၊ သူတို့ ကုလားထိုင်တွေမှာ ပျော်မွေ့နေကြပါတယ်။ သူတို့ ရာထူးနဲ့ စည်းစိမ်ဥစ္စာကို မထိသမျှ စွန့်စားရတဲ့အလုပ် ဘယ်အလုပ်ကိုမှ သူတို့ လုပ်မှာ မဟုတ်ပါ။ အကျိုးစီးပွား တူညီနေတာကြောင့် တယောက်ကိုတယောက် ဒုက္ခရောက်အောင် လုပ်ကြမှာလည်း မဟုတ်ပါ။ သူတို့ထဲက အများစုကြီးအတွက် အန္တရာယ် ဖြစ်လာတာကြောင့်သာ ဗိုလ်ခင်ညွန့်ကို သူတို့ ဖယ်ရှားပစ်လိုက်တာပါ။ ဒီအချက်ကို သေချာစေချင်လို့ သူတို့ သားသမီးတွေချင်း ပြန်ပေးစားထားကြတာပါ။ ဒီလိုနဲ့ ထိပ်တန်း ဗိုလ်ချုပ်တွေအချင်းချင်း၊ သူတို့ မိသားစုအချင်းချင်း ခမည်းခမက်တွေ တော်ကြ၊ ဆွေမျိုးတွေ တော်ကြ ဖြစ်ကုန်တာပါ။
တနေ့တခြား သြဇာအာဏာ ကြီးထွားလာနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း (USDA) ကြောင့် တပ်ထဲက နဲနဲငယ်တဲ့ အရာရှိတွေ စိတ်ပျက်လက်ပျက် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒီအဖွဲ့ကို စစ်အစိုးရက ကျောထောက်နောက်ခံ လုပ်ပေးထားတာကိုး။ ဒါပေမဲ့ သူတို့လည်း သူတို့ရာထူး မထိခိုက်စေချင်တာကြောင့်၊ သူတို့အထက်အရာရှိတွေကို လေးစားထောက်ထား နေရသေးတာတွေကြောင့် ဘာမှ လုပ်မှာ မဟုတ်ပါ။ ဒီလို ဖြစ်နေအောင် သူတို့ကို နှစ်ပေါင်းများစွာ လေ့ကျင့် မွေးမြူထားခဲ့တာပါ။
ကျနော့် သူငယ်ချင်း တော်တော်များများ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ နဲ့ ၂ဝ ဆင်းဗိုလ်တွေထဲမှာ ရှိပါတယ်။ သူတို့ထဲက တချို့ဆိုရင် အခု တိုင်းမှူးတွေတောင် ဖြစ်နေပါပြီ။ ၈၈၈၈ အရေးတော်ပုံကြီး မဖြစ်ခင်လေးတင် ၁၉၈၈ ခုနှစ်အတွင်း သူတို့နဲ့ ကျနော် ကောင်းကောင်း စကားပြောခဲ့ရပါတယ်။ သူတို့အမြင်က သူတို့မိသားစုကို ကြည့်ရှု စောင့်ရှောက်နေနိုင်သမျှ ကာလပတ်လုံး တခြား ဘာမှ ဂရုမစိုက်ဘူး ဆိုတာပါပဲ။ သူတို့ကတော့ အထက်ကပေးတဲ့ အမိန့်အတိုင်း လုပ်နေမှာပဲ။ သိပ်မကြာဘူး၊ ဒီ မျိုးဆက်လက်ထဲကို အာဏာက ရောက်လာတော့မှာပါ။
ခေါင်းဆောင်မှုကို စိန်ခေါ်တယ်ဆိုတာ အနောက်နိုင်ငံ လူ့အဖွဲ့အစည်းတွေမှာ မြင်နေကျ အရာပါ။ ဗုဒ္ဓဘာသာနဲ့ မြန်မာပြည်သူတွေရဲ့ အစဉ်အလာနဲ့ သဘော သဘာဝကြောင့် မြန်မာပြည်မှာတော့ ဒီလို ဖြစ်လိမ့်မယ်လို့ ကျနော် မယုံပါ။ တပ်တွင်း အထက်နဲ့ အောက်ခြေကြား သဘောထားကွဲလွဲမှုတွေ ရှိတယ် ဆိုရင်တောင်မှ နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေထံက အာဏာသိမ်းတာ အပြင်းစားပဲ ဖြစ်ဖြစ်၊ အပျော့စားပဲ ဖြစ်ဖြစ် ဖြစ်လိမ့်မယ်လို့ မထင်ပါ။
သမိုင်းအရ ကြည့်ရင်လည်း မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ဖို့ဆိုတာ ပြင်ပအင်အား အာဏာတခုခုရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုခဲ့တာချည်း ဖြစ်ပါတယ်။ ဦးအောင်ဆန်းက ဗြိတိသျှကို တိုက်ဖို့ ဂျပန့်အကူအညီ ရယူခဲ့ရတယ်။ တခါ ဂျပန်ကို မြန်မာပြည်က ပြန်မောင်းထုတ်ဖို့ ဗြိတိသျှတွေရဲ့ အကူအညီကို ယူခဲ့ရပြန်တယ်။
အခုလည်း ဒီအတိုင်းပါပဲ၊ ဘာမှ မပြောင်းလဲပါဘူး။ ကျနော် ဒီဆောင်းပါးအစ ၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး အောင်သိန်း ပြောခဲ့သလိုပဲ လူထုရဲ့ ဆန္ဒမျှော်မှန်းချက် စတာတွေကို နှိမ်နင်းပစ်ဖို့ စစ်တပ်က လိုအပ်လာရင် အကြမ်းဖက်မှု နည်းပေါင်းစုံကို သုံးမှာပါပဲ။ သွေးစွန်းနေပြီ ဖြစ်တဲ့ ဒီလက်တွေဟာ နောက်ထပ် လူသတ်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး။
ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အပါအဝင် နိုင်ငံရေး ခေါင်းဆောင် အတော်များများဟာ ဒီအချက်ကို လျှော့တွက်ခဲ့ကြပါတယ်။ ဒီခေါင်းဆောင်တွေ မကြာခဏ ပြောခဲ့ကြတာ ရှိတယ်။ စီးပွားရေး အကျပ်အတည်းကြောင့် ဒီ စစ်ခေါင်းဆောင်တွေ အာဏာကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ တကယ်ဖြစ်နေတာက ဒီလိုနဲ့ပဲ အာဏာကို သူတို့ ဆက်ထိန်းလာခဲ့တာ နှစ်ပေါင်း ၂ဝ ရှိတော့မယ်။ ရှေ့မှာလည်း ဒီလိုပဲ ဘာမှ အပြောင်းအလဲရှိမှာ မဟုတ်ဘူး။ တိုင်းပြည် ဆင်းရဲလေ၊ သူတို့အတွက် အုပ်ချုပ်ရတာ ပိုလွယ်လေပဲ။ နေ့တွက်ပေးရင် သူတို့ ခိုင်းသမျှ လုပ်မယ့် လူဆိုးလူမိုက်တွေ သူတို့မှာ အပြည့်ရှိတယ်။ အပြောင်းအလဲ လုပ်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ်လာရင် စစ်အစိုးရကိုယ်စား ဒီလူတွေက ခိုင်းသမျှလုပ်မှာပဲ။
ဦးနေဝင်း သေရင် အပြောင်းအလဲ ဖြစ်မှာပဲလို့ ကျနော်တို့တတွေ ခပ်တုံးတုံးပဲ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ကျနော်တို့ ထင်ထားတာက ဦးနေဝင်းက အရာရာ ကြိုးကိုင်နေတဲ့ ရုပ်သေး ကြိုးဆွဲဆရာကြီး၊ ဒီတော့ ဦးနေဝင်း မရှိရင် ဒီ နအဖ ဗိုလ်ချုပ်ကြီးတွေ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလို့။
တခါ ကုလသမဂ္ဂ သံတမန်တွေ ဖြစ်တဲ့ ရာဇာလီတို့၊ ဂမ်ဘာရီတို့ရဲ့ အကူအညီနဲ့ အပြောင်းအလဲ ဖြစ်မလားလို့ မျှော်ခဲ့ကြပြန်တယ်။ ဒါလည်း အခုထိ ဘာမှမထူးသေးပါ။
အခုလည်း အထက်မှာ ညွန်းခဲ့တဲ့ ဆောင်းပါးထဲကလို ဗိုလ်ချုပ်မောင်အေးနဲ့ ရွှေမန်းကပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖယ်ရှားပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်မှာလို့ မျှော်နေကြဦးမှာလား? နောက်ထပ် ဘယ်လောက် စောင့်ရဦးမှာလဲ? တကယ်ကော ဖြစ်လာမှာလား? ကျနော်တော့ ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။
ကျနော့် အမြင်အရတော့ ၁၉၈၈ ကထက်တောင် ပိုကြီးတဲ့ အုံကြွမှုကြီးတွေနဲ့ အလွန် အင်အားကောင်းတဲ့ နိုင်ငံတကာ အင်အားတွေက စစ်အစိုးရကို တပြိုင်နက်ထဲ ဖိအားပေးတာ မလုပ်နိုင်ရင် အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ပါ။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဒုံးကျည်တချို့နဲ့ ပစ်ခတ် မပြနိုင်ရင် မြန်မာ့တပ်မတော်ထဲမှာ အကွဲအပြဲဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလောက်တောင် ဖြစ်မှာ မဟုတ်ဘူး။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, March 25, 2008

သာသနာတော်အတွက် အားကြိုးမာန်တက် ဆောင်ရွက်နေကြသူများကို ဂုဏ်ပြုပါသည်။
ကျောင်းအကျိုးတော်ဆောင်ဆိုတာ...
နိစ္စဓူဝ ငါ့ကိစ္စ အတွက်.....
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး......။
အမျိုးဘာသာ သာသနာ......
ထွန်းတောက်တင့်စေ..ဂုဏ်ဝင့်စေဖို့.....
စွမ်းကုန်ကြိုးပန်း အားဖြည့်လှမ်းမည်.....
များလူ ကောင်းကြိုး တည်စေသောဝ်။

ဖတ်ကြည့်ချင်သေးလား....