Monday, June 16, 2008

ကောင်းရာသုဂတိ လားပါစေ...(အပြည့်အစုံခံစားချင်ရင် click ပါ)


ကောင်းရာသုဂတိလားပါစေ..
၂-၅-၀၈(၀၆း၀၀)
ဖေကြီး...
သား ကျူရှင်သွားပြီ
မေကြီး...သားသွားပြီ
အေး...သား....
ကောင်းကောင်းသွားနော်...။
(၁၂း၀၀)
သားရေ....ထမင်းစားမယ်...
ဟုတ်ကဲ့...
မြကန်သာကဗျာ
ကျက်နေတာ...
၉ တန်းစာတွေက
ခက်တယ်ဗျ..
သား
တော်တော်ကြိုးစားရမယ်..
အေးပါ...သားရယ်... ကြိုးစားပေါ့..။
(၁၄း၀၀)
ဖေကြီး..ဘယ်သွားမှာလဲ..
မုန်တိုင်းရှိတယ်လို့ သား..သတင်းကြည့်ရတယ်..။
အေးပါသားရယ်...
ဖေဖေက တာဝန်တွေရှိတယ်လေ..
မေမေ့ကိုဂရုစိုက်လိုက်....။
ဟုတ်ကဲ့...
သား..အိမ်ရှေ့မှာ ဘောလုံးကန်ရင်း..
ဖေဖေ့ကို..စောင့်နေမယ်နော်...။
(၁၉း၃၀)
ဖေကြီး...ထမင်းစားကြမယ်
မေမေထမင်းခူးဗျာ...
သားတို့ဆာပြီဗျ...
ဖေကြီး...
ချန်ပီယံလိဂ် နီးပြီနော်..
မီးစက်ထဲ....
ဓာတ်ဆီထည့်ဘို့မမေ့နဲ့
သား..လီဗာပူးရှုံးပေမဲ့
ဖေကြီး..ချက်ဆီးကို
အားပေးမယ်နော်
အေးပါ...သားရယ်....ထမင်းစား....။
(၂၂း၃၀)
ဖေကြီး... လေတွေတိုက်လာပြီ....
သား ကြောက်တယ်
အေး..သား...မေမေနဲ့ နောက်ဖေးမှာနေ...
မကြောက်နဲ့ ဖေဖေရှိတယ်...
အမေကြီး...သားကိုဂရုစိုက်....။
နာဂစ်ရယ်...မြန်မြန်သွားကွာ..
ငါတို့ တီဗွီကြည့်ရဦးမယ်...
ဟာ...ဖေဖေ.. မီးပြတ်သွားပြီဗျ...။
၃-၅-၀၈(၀၀း၀၃)
ဖေကြီး..သွပ်မိုးတွေ လန်ကုန်ပြီဗျ..။
သားကြီး..မကြောက်နဲ့... မေမေ့လက်ကိုကိုင်ထား....
မေကြီး..သားကိုဂရုစိုက်..
ဟာ... နောက်ဖေးကအခန်းထဲမှာ...
ရေတွေပြည့်လာပြီ
အမေကြီး..သားကို ခုံပေါ်ထိုင်ခိုင်းလိုက်...
သား.......မကြောက်နဲ့နော်...။
(၀၂း၀၀)
အဖေကြီး... ရေတွေ အိမ်ထဲဝင်လာပြီ....
အကုန်လုံး ဒုက္ခရောက်လိမ့်မယ်...
တံခါးတွေဖွင့်ကြည့်ပါဦး...။
အမေကြီး...မကြောက်နဲ့... အိမ်ထဲကထွက်ရင်ပိုဆိုးလိမ့်မယ်...။
ဟာ...မရဘူး....
ဟော....အိမ်ရှေ့က မီးရောင်လက်လက်မြင်တယ်...
ကယ်ဆယ်ရေးတွေလားမသိဘူး...။
သားရေ...မကြောက်နဲ့... မေမေတို့ထွက်မှဖြစ်မယ်... ။
(၀၃း၀၀)
အမေကြီး...မထွက်နဲ့.. ရေစီးသန်တယ်...
မရဘူး...ထွက်မယ်...
မေကြီး...ဖေကြီးပြောစကား..နားထောင်ပါ....
သား..ရေမကူးတတ်ဘူး...ကြောက်တယ်ဗျ...။
(၀၄း၀၀)
မရတော့ဘူး..ထွက်မယ်... သား..မေမေ့လက်ကိုတွဲ...
မေကြီး...ဖေကြီး... သား ကြောက်တယ်....
သား...မေမေ့လက်ကိုတွဲ...
ဝုန်း....အား.............။
(ဤစာစုလေးဖြင့်....၃-၅-၀၈ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၌ ကွယ်လွန်သွားခဲ့သော တစ်ဦးတည်းသော သားလေး မောင်အေးမင်းဟန်(ခ)မောင်ထက်ဝေလင်း.....သို့.....)ဟန်၊စိတ်ပညာ၊
ခေါင်းလောင်းသံတွေ မြည်နေပြီ
ကျောင်းတွေ ပြန်ဖွင့်ပြီပေါ့...သား။
မိုးရေထဲမှာ...
ပေါက်ဖော်တို့ စုပုံတို့တောင်
ကျောင်းတက်နေကြပြီ....
သားရယ်.....
သားဝတ်ခဲ့တဲ့
ကျောင်းအကျီင်္ဖြူ လုံချည်စိမ်းလေးတွေကို
မေမေ့ရင်ခွင်ထဲထားပြီး သားမေမေ ငိုနေတယ်လေ......
ဖေဖေကတော့...
သားလွယ်ခဲ့တဲ့... ကျောပိုးအိတ်အစိမ်းလေးကို လွယ်ပြီး..
ကွမ်းခြံကုန်းမှာ... တာဝန်ထမ်းဆောင်ဆဲပေါ့...
တစ်လပြည့်ပြီ... သားလေးရယ်....

ဟန်(စိတ်ပညာ)
အလင်းတန်းဂျာနယ်တွင်ဖေါ်ပြခဲ့သောဟန်(စိတ်ပညာ)၏ ခံစားမှုကို မျှဝေခံစားစိတ်မကောင်းဖြစ်ရပါသည်။

ဖတ်ကြည့်ချင်သေးလား....