Friday, August 8, 2008

အရိမေတ္တေယျ မြတ်စွာဘုရား(စကားဝါမြေ မှ တဆင့် ကုသိုလ်ပြုပါသည်)

မေး။ ။ အရှင်ဘုရား…..
အရိမေတ္တေယျမြတ်စွာဘုရားရှင်သည် ဘယ်အချိန်တွင် ပွင့်တော်မူမည်ကိုလည်းကောင်း၊
ယခုအခါ အဘယ်ဘုံ၊ အဘယ်ပုဂ္ဂိုလ်အဖြစ် ရောက်ရှိနေသည်ကိုလည်းကောင်း
သိလိုပါသည် ဘုရား။

Summary

ဖြေ။ ။ ဤဘဒ္ဒကမ္ဘာတွင် ဘုရား ငါးဆူပွင့်မည်။ ယခုအခါ လေးဆူပွင့်ပြီးဖြစ်၍ အရိမေတ္တေယျဘုရားတစ်ဆူပွင့်ရန် ကျန်ပါသေးသည်။ လူတို့၏အသက် တစ်သိန်းတမ်းတွင် ပွင့်ပါမည်။ယခု လူတို့၏ အသက်တမ်းသည် ၇၅ နှစ်တမ်းဖြစ်သည်။ထိုမှ ၁၀ နှစ်တမ်းအထိ ဆုတ်သွားမည်။ တစ်ဖန် ၁၀ နှစ်တမ်းမှ မရေမတွက်နိုင်အောင် အသင်္ချေယျတမ်းအထိ တက်သွားဦးမည်။ ၎င်းအသင်္ချေယျတမ်းမှ တဖြည်းဖြည်းပြန်ဆုတ်လာရာ လူတို့၏အသက်တမ်း တစ်သိန်းတမ်းတွင် ပွင့်တော်မူမည်။ အသက် တစ်သိန်းတမ်းရှိရာတွင် အရိမေတ္တေယျဘုရားရှင် သည် ဘုရားရှင်တို့၏ဓမ္မတာအတိုင်း အသက်တမ်း၏ ၅-ပုံပုံ ၄-ပုံ (အနှစ် ရှစ်သောင်း) အသက်ရှည်မည်ဟု ဒီဃနိကာယ်၊ပါထိက၀ဂ်၊ နှာ ၆၃က ဆိုပါသည်။ (အသီတိ ၀ဿ သဟသာယုကေသု ဘိက္ခဝေမနုေဿသု မေတ္တေယျောနာမ ဘဂ၀ါလောကေ ဥပ္ပဇ္ဇိဿတိ)တစ်ကမ္ဘာ၏ သက်တမ်းသည် အသင်္ချေယျ လေးကပ်ရှိသည်။အသင်္ချေယျတစ်ကပ်သည် အန္တရကပ်ပေါင်း ၆၄ ကပ် ရှိပါသည်။ အန္တရကပ်တစ်ကပ်၏အချိန်အတိုင်းအတာမှာ လွန်စွာ ကြာညောင်းလှသည်။လူတို့၏ သက်တမ်းသည် အမြဲမရှိ၊ ဆုတ်သည့်အခါ ဆယ်နှစ်တမ်း အထိဆုတ်၍ တက်သည့်အခါ မရေမတွက်နိုင်အောင် (အသင်္ချေယျတိုင် အောင်)တက်သွားသည်။ (အသင်္ချေယျမှ ၁၀ နှစ်တမ်းအထိ၊ ၁၀ နှစ်တမ်းမှ အသင်္ချေယျအထိ) ဆုတ်ကပ် တက်ကပ်တစ်စုံကို အန္တရကပ်တစ်ကပ်ဟုဆိုပါသည်။ အန္တရကပ် တစ်ကပ်တွင် ဘုရားတစ်ဆူသာ ပွင့်ပါသည်။ဤဘဒ္ဒကမ္ဘာတွင် ရှေးဦး အန္တရကပ် ရှစ်ကပ်တွင် ဘုရားမပွင့်သေးဘဲ၊ ကိုးခုမြောက် အန္တရကပ်တွင် ကကုသန်ဘုရား၊ ၁၀-ခုမြောက် အန္တရကပ်တွင် ကောဏာဂုံဘုရား၊ ၁၁-ခုမြောက် အန္တရကပ်တွင် ကဿပဘုရား၊ယခုရောက်ဆဲ ၁၂-ခုမြောက် အန္တရကပ်တွင် အသက် ၁၀၀-တမ်း၌ဂေါတမဘုရားရှင် ပွင့်တော်မူပါသည်။ လာမည့် ၁၃-ခုမြောက် အန္တရကပ်၏အသက်တစ်သိန်းတမ်းတွင် အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူမည်ဟု ပဏ္ဍိတဝေဒနီယကျမ်းက ဆိုပါသည်။ယခုအခါ မေတ္တေယျဘုရားလောင်း ဘယ်ဘုံ၊ ဘယ်ဌာန၊ ဘယ်ပုဂ္ဂိုလ်အဖြစ် ရောက်ရှိနေသည်ကိုကား ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရေးသားတော်မူသော မဟာဝင်ဝတ္ထုနှာ-၃၇၆၊ ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခန်း၌ ဖော်ပြထားပါသည်။ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခါနီးတွင် နတ်ပြည် ခြောက်ထပ်မှနတ်ရထား ခြောက်စင်းတို့ ဆိုက်ရောက်လာရာမင်းကြီးသည်အဘယမထေရ် ရဟန္တာအရှင်မြတ်ကိုအောက်ပါအတိုင်းမေးလျှောက်တော်မူပါသည်။“အရှင်ဘုရား၊ ခြောက်ပါးသော နတ်ပြည်တို့တွင် အဘယ် နတ်ပြည် သည် သာ၍မွေ့လျော်ဖွယ် ရှိပါသနည်း” ဟု မေး၏။ မထေရ်မြတ်လည်း “မြတ်သောမင်းကြီး၊ ဘုရားဖြစ်ထိုက်သောအခါကို ကြည့်မျှော်ကာနေသော၊ ကြီးသော ကရုဏာတော်ရှိသောမေတ္တေယျဘုရား အလောင်းသည် တုသိတာ နတ်ပြည်၌ နေ၏။ ထို့ကြောင့် တုသိတာနတ်ပြည်သည်မွေ့လျော်ဖွယ်ရှိသည်ဟူ၍သူတော်ကောင်းတို့ချီးမွမ်းကြသည်” ဟုဆိုပေ၏။မင်းကြီးလည်း မထေရ်မြတ်၏စကားကို ကြားရသော် မဟာစေတီကို ရှုမျှော်ကာလျောင်းလျက်သာမျက်စိမှိတ်တော်မူ၏။ ထိုခဏ၌စုတေ၍တုသိတာနတ်ပြည်မှလာသောရထား၌ ဥပပါတ်နတ်၏ ကိုယ်သည်ထင်ရှားဖြစ်လေ၏။“ဒုဋ္ဌဂါမဏိမင်းကြီးသည်ကားမေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါ လက်ယာရံ အဂ္ဂသာဝကမထေရ်ကြီးဖြစ်လတ္တံ့ ၊ မင်း၏ ညီတော်သဒ္ဓါတိဿမင်းကား လက်ဝဲရံအဂ္ဂသာဝက ဖြစ်လတ္တံ့ ၊ မင်း၏ခမည်းတော်ကာက၀ဏ္ဏတိဿမင်းကား မေတ္တေယျဘုရား၏ ခမည်းတော် ဖြစ်လတ္တံ့ ၊မင်း၏ မယ်တော်ဝိဟာရဒေ၀ီမိဖုရားကားမေတ္တေယျဘုရား၏ မယ်တော်ဖြစ်လတ္တံ့ ၊ဒုဋ္ဌဂါမဏိမင်းကြီး၏သားတော်သာလိကုမာရမင်းသားကားမေတ္တေယျဘုရားအလောင်း၏သားတော်ဖြစ်လတ္တံ ။ ဤသို့ ရဟန္တာအရှင်မြတ်တို့ ဗျာဒိတ်သံကိုခံရသောပုဂ္ဂိုလ်တို့တည်း”ဟု ဖော်ပြထားသည်။ ထို့ကြောင့် မေတ္တယျဘုရားလောင်းသည် တုသိတာနတ်ပြည်၌ရှိသည်ဟုဖြေရပါမည်။ တစ်ဖန်- ဒီပဲရင်းဆရာတော်ဘုရားကြီး ရေးသားတော်မူသည့် မေတ္တေယျဘုရားရှင်နှင့် ပတ်သက်သော `အနာဂတ၀င်´ ကျမ်းတွင် မေတ္တေယျဘုရားလောင်းသည်ဂေါတမဘုရားရှင် လက်ထက်က အဇာတသတ်မင်းနှင့် ကဉ္စနဒေ၀ီမိဖုရားတို့ ကမွေးဖွားသော အဇိတမင်းသားဖြစ်သည်။နောင်အခါ ရဟန်းပြု၍ အဇိတမထေရ်ဟု ထင်ရှားသည်။ ထိုမထေရ်သည် မေတ္တေယျ ဘုရားလောင်းဖြစ်ကြောင်း ဝေဠုဝန် ကျောင်းတော်၌မိန့်တော်မူသည်ဟု ပါရှိသည်။လူတို့၏ အနှစ်တစ်သိန်းတမ်း၌ မေတ္တေယျဘုရားလောင်းသည်တုသိတာ နတ်ပြည်မှ စုတေ၍ ကေတုမတီပြည်၊ သုဗြဟ္မာ အမည်ရှိသောပုဏ္ဏားပညာရှိကြီးနှင့် ဗြဟ္မဏ၀တီ မည်သော ပုဏ္ဏေးမတို့၏ သားတော်ဖြစ်သည်။ စည်းစိမ်အမျိုးမျိုးခံစား၍တောထွက်ရဟန်းပြုပြီး ဒုက္ကရစရိယခြောက်ရက်ကျင့်ကာ ကံ့ကော်ဗောဓိပင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူမည်ဟု ဖော်ပြပါရှိပါသည်။ (မြတ်မင်္ဂလာဘာသာရေးအမေးအဖြေများ စာအုပ်မှ)

No comments: