Thursday, September 18, 2008

အပန်းဖြေပါ...ပန်းမခြွေပါနဲ့....။

အမှတ်တရနေ့လေးတနေ့ပါဘဲ...


ဒီလိုနေ့မျိုးတွေကို မလိုချင်တာ..မကြုံချင်တာ..ရင်ထဲကဆန္ဒအပြည့်ပါ....။ဘယ်ဘ၀မှာဘဲဖြစ်ဖြစ် မကြုံပါရစေနဲ့လို့ အကိုဆုတောင်းပါတယ်..ညီလေးရေ...။


မင်းနဲ့ အကိုတို့ဟာ ခဏတွေ့ရပေမဲ့..တစ်သက်လုံးမေ့မရအောင် ဖြစ်စေခဲ့ရတာကို..ဒီနေ့အထိ ပြောလို့ မဆုံးသေးဘူးညီရေ...။


မြန်မာပြည်ကနေ ဒို့တစ်တွေ စီးပွားရှာဖို့ရည်ရွယ်ချက်နဲ့ ချစ်တဲ့မိသားစု ညီအကိုမောင်နှမတွေကို ခွဲခွါပြီး စွန့်စားလာကြတယ်...။ကိုရီးယားနိုင်ငံဆိုတာ အိပ်မက်တစ်ခု ကနေ မမျှော်လင့်ဘဲ တကယ် ရောက်လာခဲ့ကြတယ်...။ 3Dအလုပ်တွေကို မညီးမငြူ ပျော်ပျော်ကြီး လုပ်နေကြတယ်..။ဒုက္ခမျိုးစုံ တွေ့ကြုံကြပေမဲ့တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်မှုတွေပေးကြ..လိုအပ်တာလေးတွေ ဖေးမကူညီကြနဲ့ တကယ့်ညီနောင်ရင်းချာပမာ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ်နော်...။ စိတ်ဆိုးရင်ခဏ သောက်လိုက်ပျော်လိုက်ကြနဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ကြတယ်....။


(၁-၁၀-၂၀၀၆)


ဒီလိုချုဆော့ပိတ်ရက်လေးမှာပေါ့...။


“အကို..ကျွန်တော်သွားနှင့်မယ်...အကိုတို့အလုပ်ပြီးရင်လိုက်ခဲ့...”


နှုတ်ဆက်ပြီး ဆိုင်ကယ်မောင်းထွက်သွားတဲ့ ညီလေးကို အလုပ်လုပ်နေရင်းခေါင်းငြိမ့်လို့ အေး..အေး ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေခဲ့မိတယ်...အဲဒီစကားဟာ နောက်ဆုံးနှုတ်ဆက်စကားပါဘဲ...။


အကိုလဲ အလုပ်ပြီးတော့ မင်းနောက်ကို လိုက်လာသေးတယ်..။မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားလို့ဆိုပြီး ရွှေကမ္ဘာ(မြန်မာစတိုးဆိုင်)မှာမတွေ့တော့ အကိုလဲ တစ်ခြားတစ်နေရာ ထွက်ခဲ့တာပေါ့..။ ညတစ်နာရီ ထိုးလောက် ဖုန်းလာတယ်...မူးနေတဲ့မင်းက.....


“အကို..ဘယ်မှာလဲ...အခုပြန်လာခဲ့ပါ..ဒီမှာ ၀ိုင်းကောင်းနေတယ်....မိုးပေါ်ရောက်နေပြီ...။နတ်သမီးလေးတွေ တွေ့ရအောင် အကို ပြန်လာပါ..အခု ပြန်လာ..”


ဆိုပြီး မူးနေတဲ့အသံနဲ့ အကို့ကို ဖုန်းဆက်ခေါ်သေးတယ်...။


မနက် ၆နာရီလောက်မှာပေါ့...


ဖုန်းသံကြားလို့ နားထောင်လိုက်မိပါတယ်...။


အံ့သြတုန်လှုတ်သွားခဲ့ရတယ်...လုံးဝမထင်ဘူး...နောက်နေတာဘဲထင်တယ်...။


ဒါနဲ့ တစ်ခြားဖုန်းလေးငါးလုံးကို ဆက်တိုက်ခေါ်ပြီးစုံစမ်းကြည့်တော့...


“ဟုတ်တယ်... သိန်းသန်းဇော် ညကဆိုင်ကယ်မှောက်လို့ အခြေအနေမကောင်းဘူး.. အခုအထိ သတိမရသေးဘူး..”


ဆိုတဲ့ စကားတွေဘဲ ကြားရတယ်...။


အကို ဆေးရုံကိုရောက်တော့... အရေးပေါ်ခွဲစိတ်ခန်းထဲရောက်နေပြီဆိုတာရယ်... အချိန်ကြာကြာ ခွဲစိတ်ရမယ် ဆိုတာရယ်ဘဲ သိရသေးတယ်..။ ည (၁၁)နာရီကျော်လောက်မှာထင်တယ်...ခွဲခန်းထဲ ကထွက်လာတဲ့ ဆရာဝန် က ၉၀% မကောင်းဘူးတဲ့...။အဲဒါလဲ သိလိုက်ရရော..ဒို့အပေါင်းအသင်းတွေ အကုန်လုံး ခေါင်းမီးတောက် ကုန်တော့တာပါဘဲ...။


(၃-၁၀-၂၀၀၆)


ညနေ ၅နာရီထိုးလောက်မှာ ငါ့တို့ချစ်တဲ့...ငါတို့ကိုချစ်တဲ့ မင်း...တို့ကမ္ဘာလေးထဲက အပြီးထွက်သွားခဲ့တယ်...။


မင်းမိဘတွေကို ဘယ်လို လုပ်ပြောရမလဲ...


ဘယ်သူမှ ပြောမထွက်ကြဘူး...နောက်ဆုံး မပြောချင်ဆုံးစကား..ပြောမထွက်တဲ့စကားတွေကို အားတင်းရင်းပြောလိုက်ရတယ်...။အပြင်မှာဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ဆေးရုံရေခဲတိုက်ထဲမှာရှိနေတဲ့ မင်း ....မသိဘူးနော်....။


(၅-၁၀-၂၀၀၆)


အသုဘချတဲ့နေ့ပေါ့...။ဒေဂူးမြို့မှာရှိကြတဲ့ မြန်မာတွေလာလိုက်ကြတာ...မင်းချစ်တဲ့အပေါင်းအသင်းတွေ...အများကြီးပါဘဲ...ဟိုးအဝေးကြီး ဆိုးလ် မြို့ကသူငယ်ချင်းတွေလဲ လာကြတယ်...။


ကဲ..ငါ့ညီကို ဘယ်လောက်ချစ်ကြသလဲ...ကြည့်စမ်း...။


အကို မငိုပါဘူး...


ငါ့ဘေးမှာ ငါနဲ့ အတူတူအိပ်နေကြ ငါ့ညီလေး...ငါ့တို့ကို ခွဲသွားပြီ......


နောက်ဆုံးအချိန်အထိ အကို့ကို သတိတရ လှမ်းဖုန်းဆက်ပြီးစကားတွေပြောခဲ့တဲ့ ညီလေး...ခွဲသွားပြီ...


တွေ့ဆုံကြုံကွဲ ဆိုတာဒါဘဲလေ...ဘာငိုရမှာလဲ...စိတ်တင်းထားပါတယ်....


ဒါပေမဲ့


သူငယ်ချင်းတွေအားလုံး မျက်ရည်ကျနေတာမြင်ရတော့ ရင်ထဲမှာ မခံစားနိုင်တာတော့အမှန်ပါ....။


ရွှေကမ္ဘာလေးထဲမှာ မကြာပါလားညီလေးရယ်....။

“အကို...အိပ်ပြီလား..ဘယ်နှစ်နာရီရှိသေးလို့လဲ...”

“ဟ..နှစ်နာရီထိုးနေပြီလေ...အိပ်ချိန်ကွ...မင်းကဘယ်မှာလဲ...“

“ကျွန်တော် လမ်းမပေါ်မှာ...တစ်ယောက်ထဲ..မိုးတွေကလဲရွာနေတယ်...မိုးရွာထဲမှာ...“

“အေး..ပြော..ဘာလုပ်ပေးရမလဲ...”

“ကျွန်တော့်ကို ချစ်ရင်..အခုလာခဲ့...ကရင် ကိုပါနိုးပြီးလာခဲ့...အကိုတို့မလာရင်မချစ်လို့ဘဲ..ကျွန်တော်ကတော့ မိုးရေထဲမှာ စောင့်နေမယ်....မနက်မိုးလင်းတဲ့အထိ...”

“ဟာ..ဒီကောင်တော်တော်ဂွကျတာဘဲ...ပြဿနာဘဲ”

အဲဒီလိုနဲ့ မနက်နှစ်နာရီကျော်လောက် မိုးရွာထဲမှာ ထီးမပါဘဲ တစ်ယောက်ထဲဖြစ်နေတဲ့မင်းဆီကို ငါတို့အရောက် လာခဲ့တယ်..တော်တော်ဒုက္ခပေးတဲ့ကောင်ဘဲလို့လဲ တစ်တွတ်တွတ်ဆဲဆိုခဲ့ကြရသေးတယ်... မှတ်မိနေတယ်ငါ့ညီရေ...။အဲဒိညက မင်းပြောခဲ့တဲ့စကားတွေကို ပြန်ပြောရရင်....

(ရည်ရွယ်ချက်က..ကောင်းစေချင်တဲ့ဆန္ဒနဲ့ပါ..စိတ်ထဲမှာ သူငယ်ချင်းနှစ်ယောက် သင့်သင့်မြတ်မြတ်နဲ့ ပြဿနာမဖြစ်ကြဘဲပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ်...အသာစီးရနေသူကလဲငါအသာစီးကနေဖိပြောတာကို သူခံရမှာဘဲ...နိုမ့်ကျသူကလဲ အရှုံးပေါ်မှာ အကောင်းဆုံးအဖြေရှာပြီး ခင်မင်မှုမပျက် ရှေ့ဆက်ကြစေချင်တာ..)

အဲဒီညက မိုးလင်းတဲ့အထိ မင်း..သူတို့နှစ်ယောက်ရဲ့ကိစ္စကို ကိုယ်ကိစ္စ..ကိုယ့်ပြဿနာလို ခံစားပြီး မချိတင်ကဲဖြစ်နေတာ ငါတို့အားလုံးနားလည်တယ်...ဒါပေမဲ့ အဲဒိတုန်းက မင်းကို ပြောခဲ့တယ်မဟုတ်လား...သူတို့ကိစ္စသူတို့ရှင်းပလေ့စေ..မင်းဝင်မပြောနဲ့လို့...။
အေး..အခုတော့ ငါ့ညီ...မင်းရှိနေတုန်းထဲက ကိစ္စက မပြီးသေးတဲ့ပန်းချီကားဖြစ်နေတယ်...
အခုတော့ စိတ်မကောင်းစရာပေါ့ကွာ...
အချစ်ဆုံးတွေက အမုန်းဆုံးတွေဖြစ်ကုန်ကြတယ်...
မာနတွေ..ခါးသက်တယ်...
ဒေါသတွေ...ပူလောင်တယ်...
အဲဒါတွေကို ပြေပျောက်စေချင်ပေမဲ့..တို့တစ်တွေမစွမ်းသာဘူးညီရေ....
ကိုရီးယားမှာ မြန်မာဆိုတာ နည်းနည်းလေးပါ...ဒီ ဒေဂူးဆို...ပိုလို့တောင်နည်းသေးတယ်...။
လူနည်းစု တို့ ရွှေညီအကိုတွေက စုစုစည်းစည်းရှိကြမယ်...ချစ်ချစ်ခင်ခင်ရှိကြမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ...။
တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေသင်ပုန်းချေကြ...
အချိန်ကာလတိုတိုလေးမှာ မြင်တွေ့နေရတခဏလေးမှာ...ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောနဲ့ စကြနောက်ကြ..တစ်ဝါးဝါးတစ်ဟားဟားနဲ့ ပင်ပန်းသမျှတွေဖြေဖျောက်ကြ...ဘယ်လောက်ကောင်းလိုက်မလဲ..။
ကိုယ့်မြန်မာပြည် ကိုယ်ပြန်ရောက်လို့ အခုလို တွေ့ချင်လှချည့်ရဲ့...ပျော်ချင်လှချည့်ရဲ့ ဆိုလို့ ရပါအုန်းမလား...။ အခုလိုလွတ်လွတ်လပ်လပ်နေရချိန်လေးတွေ အနှောင်အဖွဲ့တွေကင်းနေချိန်လေးတွေကို အသားလွတ်ဆုံးရှုံးကြရမှာ နှမျောစရာမကောင်းဘူးလား....
ပန်းဥယာဉ်ဆိုတာ ပန်းပွင့်လေးတွေရှိမှ လှတာ...
လိပ်ပြာလေးတွေပုတုန်းကောင်လေးတွေ ပျံဝဲနေကြတာကြည့်ပြီးစိတ်ချမ်းသာရတာ...
သင်းပံျ့မွှေးကြိုင်နေတဲ့ ပန်းရနံ့လေးတွေရှုရှိုက်လိုက်ရမှ အမောပြေ စိတ်ကြည်နူးတာ..
ဒို့တွေအားလုံးဟာ ဥယာဉ်လေးထဲမှာအမြဲပျော်ရွှင်ကြည်နူးနေဘို့ စိတ်ချမ်းသာနေဘို့ လိုတယ်မဟုတ်လား...ပင်ပန်းသမျှတွေ အပန်းဖြေဘို့ဥယာဉ်လေးလှဖို့အမြဲလိုတယ်လေ...။
အဲဒိပန်းဥယာဉ်လေး စိမ်းလန်းစိုပြေနေဖို့ရာ..ဒို့တစ်တွေမှာ တာဝန်ရှိတယ်..
ပြောချင်တယ်...အပန်းဖြေပါ...ပန်းမခြွေပါနဲ့....လို့
(မင်းတို့အားလုံးဖတ်ပြီး ငါ့ကိုတော့စိတ်မဆိုးနဲ့ကွာ...သေသူကို တိုင်တည်ပြီးပြောလိုက်ပါရစေ...)

ဒီနှစ်ချုဆော့ပိတ်ရက်ကစောတယ်ညီလေးရေ...








mmary

Rest of your post

1 comment:

မဆုမွန် said...

စိတ်ထဲ မကောင်းလိုက်တာ..
ပြည်ပမှာ မိဝေး ဘဝေးနဲ့ နေရတဲ့ လူငယ်တွေ မလိုလားအပ်တာတွေကို မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသင့်တယ်
အပေါ်က ပို့ စ်လေးမှာ ဖတ်ရသလို

ကျွန်မတို့ ဆို အပြင်ဘက်မှာ စိတ်ပင်ပမ်း လူပင်ပမ်း အလုပ်လုပ်ရတာ အခုချိန်အထိ အိမ် ၀ယ်ဖို့ နေနေသာသာ အိမ်အမိုးတောင် ပြင်မမိုးနိုင်သေးဘူး

လူတွေက နိုင်ငံခြားမှာ အလုပ်လုပ်ရတယ်ဆိုတာ နိဗာန်ဘုံမှာ လုပ်ရတယ်များ ထင်သလား မသိဘူး... ပိုက်ဆံရဖို့ နဲ့ ဒီမှာ လူနေမူစားရိတ်နဲ့ ကုန်ကျတာတွေကို မမြင်ဘူး အခုချိန်အထိ နှစ်တွေချီပြီးသာ လုပ်ရတယ် လူတွေက အကုန် ခြေသလုံး အိမ်တိုင်တွေချည်းပဲ

ဘယ်သူမဆို ကိုယ့်အိုးကိုယ့်အိမ်နဲ့ ပြန်နေကြချင်သူတွေချည်းပါပဲ

အခုလို မမျော်လင့်ပဲ ကြွေလွင့်သွားရတဲ့ လူငယ်တွေကို မြင်ရင် ပိုဝမ်းနည်းမိတယ် အစ်ကိုရေ...