Saturday, March 21, 2009

မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ


၈၈ကုန်လို့ ၈၉ လဲရောက်ရော ဇာတ်အဖွဲ့တွေလဲ ဇာတ်ခေါင်းကွဲကြ၊ဇာတ်သမား တွေလဲ တောင်ပြေးမြောက်ပြေးနဲ့ အပြင်ရောက်တဲ့လူရောက်၊အထဲရောက်တဲ့ လူရောက်ပေါ့။ ဟိုမရောက်ဒီမရောက်တဲ့ ကျွန်တော့်ကိုတော့ လူကြီးတွေက ဘုန်းကြီးကျောင်း အရောက်ပို့လိုက်ကြလို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဓမ္မရပ်သာမှာ ရဟန်းဝတ်နဲ့ တစ်လ တရားအားထုတ်လိုက်ရတယ်။
အဲဒီ တုန်းက ဆရာတော် ဦးပဒုမက ဥပဇ္ဈာယ် ဆရာတော်ပေါ့။ မင်းနာမည်က ခပ်ဆန်းဆန်း ဆိုတော့ ဘုန်းကြီးဘွဲ့ကိုလဲ ခပ်ဆန်းဆန်း ပေးရမယ်ဆိုပြီး ဘုန်းကြီး ဦးကဉ္စနသာရ က ဦးယုဂန္ဓာရ ဆိုပြီးပေးလိုက်တယ်။အဲ နောက်ပိုင်း တက္ကသိုလ် ကျောင်းပြီး အလုပ်မရှိအကိုင်မရှိ အလကားနေမဲ့ အတူတူဆိုပြီး သင်္ကြန်တရားပတ်မှာ ထပ်ပြီးရဟန်းဝတ်နဲ့ တရားစခန်းဝင်လိုက်တယ်။ ဒုတိယအကြိမ်ပေါ့။
ကျွန်တော်ဒီတရားစခန်းကို သဘောကျတာက လူတွေမှာ မသေခင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားကြရမှာပဲ၊ခန္ဒာကိုယ်မှာ အနာရောဂါတွေနှိပ်စက်ဖိစီးတာ ခံစားကြရမှာပဲ၊အဲဒီလိုမခံမရပ်နိုင်အောင် ဝေဒနာတွေခံစားကြရပြီဆိုရင် ဝေဒနာ သက်သာအောင် နည်းလမ်းလေးတွေကို ဒီတရားစခန်းက တိုက်ရိုက်ပေးတာ။ ပြောရရင်တော့ ကာယာနုပဿနာ သတိပဌာန်ပေါ့။ဝေဒနာတွေနှိပ်စက်ရင် အဲဒီဝေဒနာအပေါ် ရှုမှတ်ရတာပဲ။ တခြားရိပ်သာတွေလဲ သဘောတရားတွေက အတူတူပါပဲ၊အဲ မတူတာကရှုမှတ်တဲ့နေရာမှာ ကိုယ်မှာပေါ်တဲ့ ဝေဒနာက ပူရင် ပူတယ်၊အေးရင်အေးတယ်၊လှုတ်ရင် လှုတ်တယ်၊အခံရခက်ရင် ဆင်းရဲတယ်၊ အခံရ သက်သာရင် ချမ်းသာတယ်၊ အဲဒီလိုမှတ်ရတယ်။“စိတ်ကိုရင်မှာထား၊ကိုယ်မှာ ပေါ်တာမှတ်၊ ပူတာ၊အေးတာ၊လှုတ်တာ၊ဆင်းရဲတာ၊ချမ်းသာတာ”အဲဒီငါးမျိုးက ကနဦးအမှတ်တွေပေါ့…။အဲဒီကမှ တဆင့်တဆင့်တက်လာတာ။ ဘာပဲဖြစ်ဖြစ်လေ ရုပ်ရှိရင်ဝေဒနာရှိမှာပါပဲ။ဝေဒနာကို သည်းခံတတ်ဖို့၊ဖြေဖျောက်တတ်ဖို့ နောက်ဆုံး အသေတတ်ဖို့ နည်းပေးတဲ့ ဌာနတစ်ခုမို့လို့ ဘဝမှာအဖိုးတန်တဲ့ နေရာကောင်းမှာ ကျွန်တော် ခိုအောင်းခဲ့ဘူးပါတယ်။
ရိပ်သာဝင်သူတိုင်း နောက်ဆုံးတရားစခန်းသိမ်းကြရင် အင်မတန်ဝမ်းနည်းဝမ်းသာ ဖြစ်ကြရတဲ့ နေ့လေးတွေရှိခဲ့ကြတယ်။ အဲဒါဘာလဲဆိုတော့ ဆရာတော်ကြီးချီးမြှင့် တဲ့ နောက်ဆုံး တရားစကားတွေပဲ။ ဆရာတော်ဟာ အင်မတန်မှ အသံသြဇာကောင်းသလို၊ တရားဟောအလွန်ကောင်းတယ်။ တရားစခန်းဝင်တဲ့သူ တိုင်း ရပြီးသားတရားတွေ မေ့ပျောက်မသွားရအောင် ထပ်ခါထပ်ခါ သတိပေးစကား ဆိုတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးဟာ တပည့်တွေကို ဆိုဆုံးမရာမှာ စကားတစ်ခွန်းကို နှစ်ကြိမ်သုံးကြိမ် ထပ်ခါထပ်ခါပြောဆိုဆုံးမတယ်လို့ ကြားဘူးတယ်။ ဒီလိုပါပဲ ကသစ်ဝိုင်ဆရာတော်ကြီးလဲ တပည့်ယောဂီတွေအားလုံးကို တရားချီးမြှင့်ရာမှာ မမေ့အပ်တဲ့ အကြောင်းအရာတွေဆိုရင် ထပ်ခါထပ်ခါ ပြောဆို ဆုံးမ သတိပေးတတ်တယ်။ကိုယ့်အိမ်ကို ပြန်ကြပြီဆိုရင် သားကိစ္စ၊သမီးကိစ္စ၊ မြေးကိစ္စ၊မြစ်ကိစ္စတွေနဲ့ အလုပ်တွေရှုတ်နေတတ်ကြတာ၊ဘုံဆိုင်အလုပ်တွေပဲ၊ သံသရာလွတ်ကြောင်း ကိုယ်ပိုင်အလုပ်တွေကို မမေ့ကြဘို့၊ထပ်ခါထပ်ခါ မှာကြားဆုံး မတော်မူခဲ့ပါတယ်။ဆုတောင်းအမျှတွေဝေချိန်မှာတော့ ဂရုဏာအပြည့်ပါတဲ့ ဆရာတော်ရဲ့ အသံတော်ကြောင့် မျက်ရည်ဝဲကြရပါတယ်။
ဆရာတော်ရဲ့ မေတ္တာတရားကြီးမားပုံ၊ပုဗ္ပကိစ္စ ငြိမ်းချမ်းစေချင်ပုံ၊ဝေယျာဝစ္စ လုပ်တဲ့ ဒကာဒကာမတွေ မပင်ပန်းစေချင်ပုံတို့ဟာ ကသစ်ဝိုင်မှာ အလှူအတန်းလုပ်ပြီဆိုရင် ဆရာတော့်စိတ်ကို လေ့လာခန့်မှန်းလို့ရပါတယ်။ ကထိန်ပွဲ၊ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆရာတော် မွေးနေ့ပွဲ စသည်တို့ကို လုပ်မယ်ဆိုရင် တရားစခန်း အဖွင့်ရက်၊ သို့မဟုတ် အပိတ်ရက်နဲ့ ပေါင်းပြီး လုပ်လေ့လုပ်ထရှိပါတယ်။ခမ်းခမ်းနားနား မလုပ်စေပဲ အေးအေးချမ်းချမ်းနဲ့ တစ်ခါထဲ ကိစ္စပြီး ဆောင်ရွက်ပါတယ်။တိတ်ဆိတ် ငြိမ်သက်အေးချမ်မှုကို ဆရာတော်နှစ်သက်တော်မူပါတယ်။
ဆရာတော်ဟာ နာတာရှည်ရောဂါရလာပြီးနောက်ပိုင်း ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တရား၊မေတ္တာတရားကြီးမားပုံဟာလဲ ကြည်ညိုဖွယ်ရာပါပဲ။ ကျွန်တော် မြန်မာပြည်မှာရှိစဉ် ဆရာတော် ကျွန်တော်တို့အိမ်ကို ခဏခဏကြွလာပါတယ်။ သူမလာဖြစ်ရင် ဖုန်းဆက်ပြီးခေါ်ခိုင်းခြင်း၊သတင်းမေးခြင်း၊ ညီမဖြစ်သူ ဒေါ်အေးရီနဲ့ ရိပ်သာယောဂီတွေကို လွှတ်ပြီး သတင်းမေးခြင်းတွေ လုပ်ပါတယ်။ “ငါတို့အမျိုးထဲမှာ အသက်အကြီးဆုံး မှတ်ဥာဏ်အကောင်းဆုံး အမကြီးဆိုလို့ ဒီဒကာမကြီး တစ်ယောက်ပဲ ရှိတော့တာပစ်မထားကြနဲ့ဆိုပြီး” အမြဲသတိတရ ဖြစ်လေ့ရှိပါတယ်။
ဆရာတော်က ကျန်းမာရေးအရ အစားအသောက် တည့်သည်မတည့်သည်ကို ကျွန်တော်တို့အိမ်က မသိပေမဲ့ ဖွယ်ဖွယ်ရာရာ ဆရာတော်ကြိုက်တတ်တဲ့ ဆွမ်းဟင်းလေးများကပ်ပြီဆိုရင် အမကြီးရှေ့မှာ စိတ်ချမ်းသာအောင် ဘုန်းပေး တတ်တာ တွေ့ရပါတယ်။ ဆွမ်းဘုန်းပေးပြီးလဲ အိမ်သားတွေကို အမယ်အိုကြီးကို လုပ်ကျွေးပြုစုတာ မွန်မြတ်ပုံ၊ ကုသိုလ်အကျိုးများပုံ၊ ကျန်းမာရေးကအစ ဂရုစိုက်ပေးကြဖို့ တရားဟော၍ ဆိုဆုံးမခဲ့တာ အခုထက်ထိ အမှတ်ရ နေပါသေးတယ်။ ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြန်ရင်လဲ အိမ်ကပြန်ကြွတာနဲ့ “ကျုပ်က သူဌေးဘုန်းကြီး၊ ဒကာမကြီးက အသက်ကြီးပြီ၊ ဒကာမကြီး ပြန်ယူထားလိုက်”ဆိုပြီး အမြဲပြန်စွန့်ခဲ့တာပါပဲ။ အိမ်ကိုကြွလာတဲ့အခါတိုင်းလဲ ကျွန်တော်တို့အဖွားအတွက် မုန့်ပုံးတွေ၊ အသီးအနှံတွေနဲ့ ကြွလာတတ်ပါတယ်။အဖွားဒေါ်အေးရီတို့ကိုလဲ“ဒီဒကာမတွေက ကျုပ်တို့အမျိုးအကြောင်း သိချင်လို့ရှိရင် ဘာမှမေးလို့မရဘူး၊ဒကာမကြီး မဒေါင်းပဲအကုန်သိတာ၊ ကဲ..ကဲ သိချင်တာတွေ ရောက်တုန်းမေးထားကြ” ဆိုပြီး အ ဖွားဒေါ်အေးရီရယ်၊ ကျွန်တော်တို့အဖွားရယ် ဆွေမျိုးတစ်သိုက် စကားလက်ဆုံ ကျနေပြီဆိုရင် ဆရာတော်က ပြုံးပြုံးကြီး ထိုင်ခုံပေါ်ကနေ နားထောင် နေလေ့ရှိပါတယ်။ ကျွန်တော်ဒီ နိုင်ငံကိုထွက်မလာခင်မှာလဲ ဆရာတော်က ဆုံးမစကားတွေတဝကြီးပြောလိုက်ပါသေးတယ်။ဆရာတော့်အကြောင်းတွေက ပြော ပြရင် ကုန်နိုင်ဖွယ်မရှိပါဘူး။နောက်ဆုံးအချိန်အထိ ဆရာတော်ဟာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော်တို့အဖွားကို သတိတရ ရှိပုံလေးနဲ့ပြောရရင် ပြီးခဲ့တဲ့ နှစ်လလောက်က(နှစ်ဆန်းပိုင်းလောက်က) ဆရာတော်ဟာ အိပ်ယာထဲ လဲနေပြီ၊သတိရတချက် မရတချက် ဖြစ်နေပြီဆိုတာ အိမ်နဲ့ဖုန်းပြောတိုင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ ဆရာတော်သတိရချိန်မှာ “ဒကာမကြီး မဒေါင်း နေကောင်းရဲ့လား၊ရှိကောရှိသေးလား သွားကြည့်ကြစမ်း” ဆိုပြီးခိုင်းလို့ အတွင်းရေးမှူး ဦးတင်အေး နဲ့ ဘုန်းကြီးတစ်ပါးသတင်းလာမေးကြကြောင်း အိမ်က ပြောလို့ သိလိုက်ရချိန်မှာ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကို အထူးပင် ကြည်ညိုလိုက်မိပါတော့တယ်။ ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ဘုရားတပည့်တော် အဝေးမှနေ၍ ရှိခိုးပူဇော်လိုက်ရပါသည်ဘုရား။
ဓါတ်ပုံများကို ကသစ်ဝိုင်ဓမ္မရိပ်သာ ဘလော့မှ ရယူပါသည်။
Summary

Rest of your post

1 comment:

မသက်ဇင် said...

ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်

ဓါတ်ပုံ ထဲ ကိုကြည့် ပြီးကန်တော့လိုက်ပါတယ်--
မျှဝေပေးတာကျေးဇူးပါ--ကိုဝင်းလတ်ရေ---