Tuesday, September 2, 2008

“သားမောင်လူမိုက် အတွက်”

ဘလော့တစ်ခု မှ ဖတ်ရတဲ့ “အိမ် ပြန် လမ်း” ဆိုတဲ့ ကဗျာလေးအတွက် ထပ်ရေးလိုက်ရတာပါ ဖတ်ကြည့်လိုက်ပါဦး....

“သားမောင်လူမိုက် အတွက်”

မေ့သားမောင်လူညိုထွား
ရမ်းကားလို့ မိုက်လိုက်တာ..
မင်းသွားမဲ့ တတိယနိုင်ငံဆိုတာ..
ငါအမေမတားပါဘူး...။
မင်းနဲ့အတူ ဘယ်သူပါပါ..
လူရာဝင် လူ့အတွေးတွေနဲ့
ပြည်အရေး နည်းနည်းလေးတွေးပါ..။
စကတ်တွေ ဗလတ်တွေ ဘာဘဲဝတ်ဝတ်
သူ့နေရာ သူဝတ်ရမှာ
အမေ ..ငါ နားလည်တယ်ဟာ...။
မင်း ဇာတိ တို့ပြည်ကြီးကိုမှ
ဇနပုဒ်သာသာ ထင်မှတော့
မင်းစိတ်ဟာ အရင်းအတိုင်း
ရိုင်းလိုက်လေ ငါ့သားရယ်...။
ပြည် ခွါစဉ် ကြွေးကြော်ခဲ့တာက
ပြည်မြန်မာ လွတ်လပ်ရေး
အသက်သွေးစတေးဖို့ဆို...
အမေအို ငါ့ကိုများ
ပြောသွားခဲ့စကား
နားထဲမှာ ကြားယောင်
ခုများဖြင့် နားရှက်စရာမောင်....။
မင်းအမေ ငါ့ကိုထားခဲ့တဲ့
တို့ရွာမှာ ဘာတွေဘဲဖြစ်ဖြစ်
မင်း နဲ့အတူ ငါ့ ချွေးမ
မြေးအလှတွေ ပျော်ရွှင်ရွှင်
လောကနိဗ္တာန် ထင်မြင်သည့်
အဲဒိ ပြည် တတိယနိုင်ငံမှာ
မင်း ပျော်သလိုသာနေပါ...။
အမေ့မှာ အမေ့စကား
အမေ့သား နားမထောင်ခဲ့တာတော့
မင်းကိုမွေး ငါ့ ၀မ်းရည်
သွေးစက်တွေ သနလိုက်ပါပေ့...။
မင်း ဟာမင်း ပြန်ချင်ချင် မပြန်ချင်ချင်
တို့ရွာခွင် အနားကို မကပ်လေနဲ့
ရွာနာ မှာငါ အမေ စိုးတာကြောင့်
မင်းကိုယ်စား ငါ့မှာ သားတစ်ရာ
ဇာနည်တွေ မွေးကာထားပြီမို့
မင်းကိုလေ ထပ်ကာကြွားလိုက်မယ်..
သူတို့သာ ငါ့သား....။
(စာကျွင်း= အမေထပ်မွေးထားသော သားတစ်ရာသည် ယခု အကျဉ်းထောင်များတွင် ရှိနေသည်)

“အိမ်ပြန်လမ်း”
အမေ့သားမောင်
လူညိုထွား ၊ မြန်ပြည်ဖွား
အညာသားစစ်စစ်က
တတိယနိုင်ငံသားကြီး လုံးလုံး ဖြစ်ရတော့မယ် အမေ ။
ရင်နာလိုက်တာ အမေရယ်
အမေ့ ချွေးမချောက
တတိယနိုင်ငံခ၇ီးအတွက်
စကတ်လှလှတွေတောင် ချုပ်ဝတ်နေပေါ့အမေရယ် ။
ထန်းခေါက်ဖာထဲက ထမီစုတ်တွေ ထားခဲ့မလို့ တဲ့လေ။
အမယ်မင်း
လိုရမယ်ရ၊ ငါ့ နှစ်နံစပ်တကွင်းလေး
ရေသနုပ် လုပ်ရဦးမဟဲ့
စူးကေ့စ်ထဲထည့်ထား၊ ဗျာမများနဲ့ ။
ဟိုကျရင်
အ အာ အိ အီ မမေ့နဲ့
ဗျည်း၊ သရ ခြဲသိ
ငပိလည်း လွမ်းမိမှာပ ။
အမေ့ကိုပင်
မခွဲချင်ပဲခွဲရ
နှစ်နှစ်ဆယ်ခရီး က ကြမ်းလှ ရမ်းလှ
သားတို့လည်း ဇွဲလုံ့ လတွေ လျှော့ကြ ပေါ့ကြပေါ့အမေရယ်။
လောကဓံလို့ပြောရမလား
မောဟဒဏ်လို့ ပြောရမလား
စေဒနာဥာဏ်အသိရှိပေမယ့်
သောကတဖန် ခါခါ ပွားနေရတော့
လောကနိဗ္တာန်ဆိုတာကို မြန်းကြသာပ။
ဥရောပနဲ့ ဗမာပြည်
ရွေမြို့ တော်နဲ့  ဇနပုဒ်လောက်ကွာပေမယ့်
တဲအိုနဲ့ အမေ့မျက်နှာချိုချိုသာမြင်မိ
ဇာတိဆိုတာကို ဘယ်သင်းမမေ့နိုင်ပါ။
တနေ့
သားလူမိုက်
ခေါင်းငိုက်စိုက်နဲ့ နေဝင်ရီတရော
ယာတောလမ်းက ပြန်လာခဲ့မယ် အမေ … … …။
အောင်ဟိန်း (မုံရွာ)
၁၉ ရက်၊ ဇန်န၀ါရီ ၊ ၂၀၀၇
Summary

Rest of your post

3 comments:

ဝင်းပေါ်မောင် said...

ကိုဝင်းလတ် ခင်ဗျား
ကဗျာတွေကို နှစ်သက် မြတ်နိုးစွာ ရေးသား တင်ဆက်နေတာ တွေ့ရလို့ အားပေး ဂုဏ်ပြုပါတယ်ဗျာ။ ရင်တွင်းဖြစ်တွေဆိုတော့ ခံစားလို့ ရပါတယ်။
ခင်ဗျားဆီ စာရေးမယ်ဆိုပြီး မရေးဖြစ်သေးတာ။ ချုဆော့ပိတ်ရက် ဘုရားပွဲကို ရောက်မယ်ဆိုရင် လူချင်းတွေ့ချင်ပါတယ်။ ကျနော်က ဟန်းဂုရွာ ရဲ့ သူကြီးပါ။ အီးမေးနဲ့ ဆက်သွယ်ပါ။
လေးစား ကျေးဇူးတင်လျက်

မသက်ဇင် said...

ကဗျာတွေ လာဖတ်ပါတယ်။ ပြည်တွင်းက အမေအို ရဲ့ ခံစားချက် ကဗျာလေးကို ပို
ကြိုက်တယ်။ ကိုဝင်းလတ် ကဗျာတွေ ချစ်တတ်
တာပဲနော်။ အမြဲအားပေးနေပါတယ်။

မသက်ဇင် said...

မဏိစန္ဒာသခင်မ
အရင်ဘ၀ဖြစ်ခဲ့လေသလား...
ထီးလှိုင်ရှင် ပုဂံသူရဲကောင်းရဲ့
သစ္စာအလှတရား အပေါ်မှာ
အရိန္ဒမာသက်သေတည်သလိုမျိုး
ဘယ်သို့မျိုး နှမ ဖေါ်ညွှန်းမယ်..
အရှင်းတကယ် အကျွန်သိချင်လှတယ်..
ပြောပြပါလား...။

ကိုဝင်းလတ်က ကျမကို ဒီကဗျာကွန်မန့်လေး
ရေးပေးခဲ့တယ်နော်။ ကျမနှစ်သက်ပါတယ်။
မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိ
ခဲ့မယ်ဆိုရင် ကိုဝင်းလတ်သိချင်တဲ့အဖြေကို
ပေးနိုင်မှာပါ။ ဖြတ်သန်းခဲ့တဲ့ ပုဂံသမိုင်းရဲ့ သူ
ရဲကောင်းထီးလှိုင်ရှင်ကို ကျမချစ်ခင်လေးစား
စွဲလန်းခဲ့တာကတော့ ဟိုး ငယ်စဉ်ထဲကလို့ ဝန်ခံပါရစေ။