Saturday, March 21, 2009

မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ


၈၈ကုန်လို့ ၈၉ လဲရောက်ရော ဇာတ်အဖွဲ့တွေလဲ ဇာတ်ခေါင်းကွဲကြ၊ဇာတ်သမား တွေလဲ တောင်ပြေးမြောက်ပြေးနဲ့ အပြင်ရောက်တဲ့လူရောက်၊အထဲရောက်တဲ့ လူရောက်ပေါ့။ ဟိုမရောက်ဒီမရောက်တဲ့ ကျွန်တော့်ကိုတော့ လူကြီးတွေက ဘုန်းကြီးကျောင်း အရောက်ပို့လိုက်ကြလို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဓမ္မရပ်သာမှာ ရဟန်းဝတ်နဲ့ တစ်လ တရားအားထုတ်လိုက်ရတယ်။
အဲဒီ တုန်းက ဆရာတော် ဦးပဒုမက ဥပဇ္ဈာယ် ဆရာတော်ပေါ့။ မင်းနာမည်က ခပ်ဆန်းဆန်း ဆိုတော့ ဘုန်းကြီးဘွဲ့ကိုလဲ ခပ်ဆန်းဆန်း ပေးရမယ်ဆိုပြီး ဘုန်းကြီး ဦးကဉ္စနသာရ က ဦးယုဂန္ဓာရ ဆိုပြီးပေးလိုက်တယ်။အဲ နောက်ပိုင်း တက္ကသိုလ် ကျောင်းပြီး အလုပ်မရှိအကိုင်မရှိ အလကားနေမဲ့ အတူတူဆိုပြီး သင်္ကြန်တရားပတ်မှာ ထပ်ပြီးရဟန်းဝတ်နဲ့ တရားစခန်းဝင်လိုက်တယ်။ ဒုတိယအကြိမ်ပေါ့။
ကျွန်တော်ဒီတရားစခန်းကို သဘောကျတာက လူတွေမှာ မသေခင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားကြရမှာပဲ၊ခန္ဒာကိုယ်မှာ အနာရောဂါတွေနှိပ်စက်ဖိစီးတာ ခံစားကြရမှာပဲ၊အဲဒီလိုမခံမရပ်နိုင်အောင် ဝေဒနာတွေခံစားကြရပြီဆိုရင် ဝေဒနာ သက်သာအောင် နည်းလမ်းလေးတွေကို ဒီတရားစခန်းက တိုက်ရိုက်ပေးတာ။ ပြောရရင်တော့ ကာယာနုပဿနာ သတိပဌာန်ပေါ့။ဝေဒနာတွေနှိပ်စက်ရင် အဲဒီဝေဒနာအပေါ် ရှုမှတ်ရတာပဲ။ တခြားရိပ်သာတွေလဲ သဘောတရားတွေက အတူတူပါပဲ၊အဲ မတူတာကရှုမှတ်တဲ့နေရာမှာ ကိုယ်မှာပေါ်တဲ့ ဝေဒနာက ပူရင် ပူတယ်၊အေးရင်အေးတယ်၊လှုတ်ရင် လှုတ်တယ်၊အခံရခက်ရင် ဆင်းရဲတယ်၊ အခံရ သက်သာရင် ချမ်းသာတယ်၊ အဲဒီလိုမှတ်ရတယ်။“စိတ်ကိုရင်မှာထား၊ကိုယ်မှာ ပေါ်တာမှတ်၊ ပူတာ၊အေးတာ၊လှုတ်တာ၊ဆင်းရဲတာ၊ချမ်းသာတာ”အဲဒီငါးမျိုးက ကနဦးအမှတ်တွေပေါ့…။အဲဒီကမှ တဆင့်တဆင့်တက်လာတာ။ ဘာပဲဖြစ်ဖြစ်လေ ရုပ်ရှိရင်ဝေဒနာရှိမှာပါပဲ။ဝေဒနာကို သည်းခံတတ်ဖို့၊ဖြေဖျောက်တတ်ဖို့ နောက်ဆုံး အသေတတ်ဖို့ နည်းပေးတဲ့ ဌာနတစ်ခုမို့လို့ ဘဝမှာအဖိုးတန်တဲ့ နေရာကောင်းမှာ ကျွန်တော် ခိုအောင်းခဲ့ဘူးပါတယ်။
ရိပ်သာဝင်သူတိုင်း နောက်ဆုံးတရားစခန်းသိမ်းကြရင် အင်မတန်ဝမ်းနည်းဝမ်းသာ ဖြစ်ကြရတဲ့ နေ့လေးတွေရှိခဲ့ကြတယ်။ အဲဒါဘာလဲဆိုတော့ ဆရာတော်ကြီးချီးမြှင့် တဲ့ နောက်ဆုံး တရားစကားတွေပဲ။ ဆရာတော်ဟာ အင်မတန်မှ အသံသြဇာကောင်းသလို၊ တရားဟောအလွန်ကောင်းတယ်။ တရားစခန်းဝင်တဲ့သူ တိုင်း ရပြီးသားတရားတွေ မေ့ပျောက်မသွားရအောင် ထပ်ခါထပ်ခါ သတိပေးစကား ဆိုတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးဟာ တပည့်တွေကို ဆိုဆုံးမရာမှာ စကားတစ်ခွန်းကို နှစ်ကြိမ်သုံးကြိမ် ထပ်ခါထပ်ခါပြောဆိုဆုံးမတယ်လို့ ကြားဘူးတယ်။ ဒီလိုပါပဲ ကသစ်ဝိုင်ဆရာတော်ကြီးလဲ တပည့်ယောဂီတွေအားလုံးကို တရားချီးမြှင့်ရာမှာ မမေ့အပ်တဲ့ အကြောင်းအရာတွေဆိုရင် ထပ်ခါထပ်ခါ ပြောဆို ဆုံးမ သတိပေးတတ်တယ်။ကိုယ့်အိမ်ကို ပြန်ကြပြီဆိုရင် သားကိစ္စ၊သမီးကိစ္စ၊ မြေးကိစ္စ၊မြစ်ကိစ္စတွေနဲ့ အလုပ်တွေရှုတ်နေတတ်ကြတာ၊ဘုံဆိုင်အလုပ်တွေပဲ၊ သံသရာလွတ်ကြောင်း ကိုယ်ပိုင်အလုပ်တွေကို မမေ့ကြဘို့၊ထပ်ခါထပ်ခါ မှာကြားဆုံး မတော်မူခဲ့ပါတယ်။ဆုတောင်းအမျှတွေဝေချိန်မှာတော့ ဂရုဏာအပြည့်ပါတဲ့ ဆရာတော်ရဲ့ အသံတော်ကြောင့် မျက်ရည်ဝဲကြရပါတယ်။
ဆရာတော်ရဲ့ မေတ္တာတရားကြီးမားပုံ၊ပုဗ္ပကိစ္စ ငြိမ်းချမ်းစေချင်ပုံ၊ဝေယျာဝစ္စ လုပ်တဲ့ ဒကာဒကာမတွေ မပင်ပန်းစေချင်ပုံတို့ဟာ ကသစ်ဝိုင်မှာ အလှူအတန်းလုပ်ပြီဆိုရင် ဆရာတော့်စိတ်ကို လေ့လာခန့်မှန်းလို့ရပါတယ်။ ကထိန်ပွဲ၊ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆရာတော် မွေးနေ့ပွဲ စသည်တို့ကို လုပ်မယ်ဆိုရင် တရားစခန်း အဖွင့်ရက်၊ သို့မဟုတ် အပိတ်ရက်နဲ့ ပေါင်းပြီး လုပ်လေ့လုပ်ထရှိပါတယ်။ခမ်းခမ်းနားနား မလုပ်စေပဲ အေးအေးချမ်းချမ်းနဲ့ တစ်ခါထဲ ကိစ္စပြီး ဆောင်ရွက်ပါတယ်။တိတ်ဆိတ် ငြိမ်သက်အေးချမ်မှုကို ဆရာတော်နှစ်သက်တော်မူပါတယ်။
ဆရာတော်ဟာ နာတာရှည်ရောဂါရလာပြီးနောက်ပိုင်း ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တရား၊မေတ္တာတရားကြီးမားပုံဟာလဲ ကြည်ညိုဖွယ်ရာပါပဲ။ ကျွန်တော် မြန်မာပြည်မှာရှိစဉ် ဆရာတော် ကျွန်တော်တို့အိမ်ကို ခဏခဏကြွလာပါတယ်။ သူမလာဖြစ်ရင် ဖုန်းဆက်ပြီးခေါ်ခိုင်းခြင်း၊သတင်းမေးခြင်း၊ ညီမဖြစ်သူ ဒေါ်အေးရီနဲ့ ရိပ်သာယောဂီတွေကို လွှတ်ပြီး သတင်းမေးခြင်းတွေ လုပ်ပါတယ်။ “ငါတို့အမျိုးထဲမှာ အသက်အကြီးဆုံး မှတ်ဥာဏ်အကောင်းဆုံး အမကြီးဆိုလို့ ဒီဒကာမကြီး တစ်ယောက်ပဲ ရှိတော့တာပစ်မထားကြနဲ့ဆိုပြီး” အမြဲသတိတရ ဖြစ်လေ့ရှိပါတယ်။
ဆရာတော်က ကျန်းမာရေးအရ အစားအသောက် တည့်သည်မတည့်သည်ကို ကျွန်တော်တို့အိမ်က မသိပေမဲ့ ဖွယ်ဖွယ်ရာရာ ဆရာတော်ကြိုက်တတ်တဲ့ ဆွမ်းဟင်းလေးများကပ်ပြီဆိုရင် အမကြီးရှေ့မှာ စိတ်ချမ်းသာအောင် ဘုန်းပေး တတ်တာ တွေ့ရပါတယ်။ ဆွမ်းဘုန်းပေးပြီးလဲ အိမ်သားတွေကို အမယ်အိုကြီးကို လုပ်ကျွေးပြုစုတာ မွန်မြတ်ပုံ၊ ကုသိုလ်အကျိုးများပုံ၊ ကျန်းမာရေးကအစ ဂရုစိုက်ပေးကြဖို့ တရားဟော၍ ဆိုဆုံးမခဲ့တာ အခုထက်ထိ အမှတ်ရ နေပါသေးတယ်။ ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြန်ရင်လဲ အိမ်ကပြန်ကြွတာနဲ့ “ကျုပ်က သူဌေးဘုန်းကြီး၊ ဒကာမကြီးက အသက်ကြီးပြီ၊ ဒကာမကြီး ပြန်ယူထားလိုက်”ဆိုပြီး အမြဲပြန်စွန့်ခဲ့တာပါပဲ။ အိမ်ကိုကြွလာတဲ့အခါတိုင်းလဲ ကျွန်တော်တို့အဖွားအတွက် မုန့်ပုံးတွေ၊ အသီးအနှံတွေနဲ့ ကြွလာတတ်ပါတယ်။အဖွားဒေါ်အေးရီတို့ကိုလဲ“ဒီဒကာမတွေက ကျုပ်တို့အမျိုးအကြောင်း သိချင်လို့ရှိရင် ဘာမှမေးလို့မရဘူး၊ဒကာမကြီး မဒေါင်းပဲအကုန်သိတာ၊ ကဲ..ကဲ သိချင်တာတွေ ရောက်တုန်းမေးထားကြ” ဆိုပြီး အ ဖွားဒေါ်အေးရီရယ်၊ ကျွန်တော်တို့အဖွားရယ် ဆွေမျိုးတစ်သိုက် စကားလက်ဆုံ ကျနေပြီဆိုရင် ဆရာတော်က ပြုံးပြုံးကြီး ထိုင်ခုံပေါ်ကနေ နားထောင် နေလေ့ရှိပါတယ်။ ကျွန်တော်ဒီ နိုင်ငံကိုထွက်မလာခင်မှာလဲ ဆရာတော်က ဆုံးမစကားတွေတဝကြီးပြောလိုက်ပါသေးတယ်။ဆရာတော့်အကြောင်းတွေက ပြော ပြရင် ကုန်နိုင်ဖွယ်မရှိပါဘူး။နောက်ဆုံးအချိန်အထိ ဆရာတော်ဟာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော်တို့အဖွားကို သတိတရ ရှိပုံလေးနဲ့ပြောရရင် ပြီးခဲ့တဲ့ နှစ်လလောက်က(နှစ်ဆန်းပိုင်းလောက်က) ဆရာတော်ဟာ အိပ်ယာထဲ လဲနေပြီ၊သတိရတချက် မရတချက် ဖြစ်နေပြီဆိုတာ အိမ်နဲ့ဖုန်းပြောတိုင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ ဆရာတော်သတိရချိန်မှာ “ဒကာမကြီး မဒေါင်း နေကောင်းရဲ့လား၊ရှိကောရှိသေးလား သွားကြည့်ကြစမ်း” ဆိုပြီးခိုင်းလို့ အတွင်းရေးမှူး ဦးတင်အေး နဲ့ ဘုန်းကြီးတစ်ပါးသတင်းလာမေးကြကြောင်း အိမ်က ပြောလို့ သိလိုက်ရချိန်မှာ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကို အထူးပင် ကြည်ညိုလိုက်မိပါတော့တယ်။ ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ဘုရားတပည့်တော် အဝေးမှနေ၍ ရှိခိုးပူဇော်လိုက်ရပါသည်ဘုရား။
ဓါတ်ပုံများကို ကသစ်ဝိုင်ဓမ္မရိပ်သာ ဘလော့မှ ရယူပါသည်။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, March 19, 2009

ကသစ်ဝိုင် ဆရာတော်ကြီး ပျံလွန်တော်မူခြင်း

ကျွန်တော်၏ ဘကြီးဘုန်းကြီး...ကျွန်တော်ရဟန်းဝတ်ဖြင့် ရိပ်သာကို နှစ်ကြိမ်တိုင်တိုင် တရားစခန်းဝင်စဉ် ဥပဇ္ဈာယ်ဆရာတော် ဖြစ်တော်မူသော ပဲခူးမြို့၊အောင်မင်းခေါင်ကုန်းမြေ ကသစ်ဂိုင် ဓမ္မရိပ်သာ၏ ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော် မူသွားခဲ့ပြီဖြစ်ကြောင်း ကြားသိရ၍ အထူးနှမျော ဝမ်းနည်းမိပါကြောင်း......
ပဲခူးတိုင်း၊ ပဲခူးမြို့ ။ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင် ၀ိပဿနာဓမ္မ ရိပ်သာကြီး၏ ဦးစီးပဓါန နာယက ဆရာတော်ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး သည် ယနေ့  မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၁၉)ရက်၊ ကြာသပတေးနေ့ ၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း ရိပ်သာမှ အကြောင်းကြားခဲ့ပါတယ်ခင်ဗျား။ဆရာတော်ကြီး၏ နောက်ဆုံး အန္တိမဈာပနကို မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တန်ခူးလဆန်း (၂) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၂၇)ရက်နေ့ ၊ သောကြာနေ့  တွင် စီရင်ကျင်းပ မည် ဖြစ်ကြောင်း လည်း သိရှိရပါတယ်။
ကသစ်ဝိုင်ဓမ္မရိပ်သာ မှ တဆင့်ဖေါ်ပြပါသည်။





Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, March 18, 2009

“ ကြုံဘူးပေါင် ဂုဏ်ထူးဆောင် အမောင်မင်းတို့ရယ် ”

အရှင်မေတ္တာစာရဘလော့မှ

ကျောင်းထိုင်ဘုန်းကြီးအလိုရှိသည်….။
တင်ပြီးသားပို့စ်ကို ဘယ်လိုအကြောင်းနဲ့မှ ပြန်မဖြုတ်သွားနိုင်ဘူး။ မီးမောင်းထိုးပြတာ။ တစ်ဘက်သတ်လုပ်နေကြတာကို စိတ်နာတယ်။နအဖ၊ မဟန၊ အတိုက်အခံ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ စတဲ့သူတွေ အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မမျှမတ ပြောဆိုနေကြတာပဲ။အချစ်ခံရဖို့အရေး ဘက်လိုက်စရာ ဆန္ဒမရှိ၊ လူအများအတွက် အမုန်းခံရဖို့အရေးပဲ ဆန္ဒရှိတယ်။ အားကိုးနဲ့ လုပ်နေကြတဲ့သူတွေထဲမှာ ငါမပါ။ ဒါပဲ။
ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။

ဖင်လန်နိုင်ငံ
ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)
ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)
ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)
ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)
နယ်သာလန်နိုင်ငံ
ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)
ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)
ဒိန်းမတ်နိုင်ငံ
ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)
ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)
ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

ပထမဦးဆုံး အရှင်မေတ္တာစာရရဲ့ စာပုဒ်ကို နားမလည်တာပါဘဲ။ဤအရှင် ဘယ်အကြောင်းနဲ့ ဒီပို့စ်ကို တင်သည်မသိ။အဘယ်အကြောင်းကြောင့် ဤစာပုဒ်များကို ထပ်ဖြည့်သည်မသိ။ကျွန်နိုပ်သည်ကား အရှင်မေတ္တာစာရ သည် ဘလော့ဂါဆုရှင် ၊ ဒီမိုကရေစီကို တန်ဘိုးထားသူ၊ ထေရဝါဒ ရဟန်းတော်တစ်ပါး။ ဒီလိုပဲသိထားခဲ့ပါတယ်။ဤအရှင်ရဲ့ ဘလော့သည် လည်း အဘိုးတန်စာများဖြင့် ပြည့်စုံလှ၍ လွန်စွာ ကြည်ညိုခဲ့ရပါတယ်။ အခုတော့ ဒီပို့စ်ဟာ အွန်လိုင်းပေါ်မှာ ယောက်ယက်ခတ်စရာ ဖြစ်တော့တာပါပဲ။ ဒုတိယကတော့ ထပ်ဆင့် ကြော်ငြာပေးတဲ့ မိုးသီးဇွန် ဘလော့ကိုနားမလည် တာပါပဲ။ ပြီးပြီးရောနိုင်လှတဲ့ ဒီဘလော့ကလဲ ဘလော့ဂါ ဆုရှင်ပါပဲ။ စဉ်းစားဥာဏ် ကင်းမဲ့လွန်းတဲ့ ဒင်းတို့တစ်တွေဟာ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်း နားမလည်လို့ပဲလား၊ ထေရဝါဒ ရဟန်းတွေရဲ့ အကျင့်သီလနဲ့ သိက္ခာပုဒ်တွေကို တကယ်မသိလို့ပဲလား။ “ဖွ” ကြီးသက်သက်ပွဲဆူအောင် ဖွချင်လို့လား။ တတိယကတော့ ဘုန်းကြီးပင့်ချင်ကြတဲ့ အနှီပုဂ္ဂိုလ် များပါပဲ။ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးကို နေ့ကလေးထိန်းဆရာများ ထင်နေကြသလား မသိပါဘူး။ ဘယ်အမိ ဘယ်အဖက မွေးလို့ ဘယ်အရပ်မှာကြီးပြင်းလာကြတာလဲ လို့ မေးချင်ပါတယ်။ မင်းတို့လုပ်ရပ် ကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံမှာ ပြန်ပြီး ဝန်ချတောင်းပန်သင့် ကြောင်း၊ ဘုန်းကြီးပင့်တာနဲ့ပတ်သက်ပြီး မင်းတို့ဗဟုသုတ ရစေရန် ဘုန်းဘုန်းဘလော့ ကို သွားဖတ်ကြဖို့ လမ်းညွှန်လိုက်ပါတယ်။ဆင်းရဲနဲ့ငရဲ ကင်းအောင် နေတတ်ကြပါစေ။

ဖတ်ကြည့်ချင်သေးလား....

Monday, March 16, 2009

“သခင်မျိုးဟေ့...”

မာနထောင်ကာ
မောက်ကြွားတာလဲ...
သခင်မျိုးဟေ့...ဒို့မြန်မာ။
အချင်းချင်းလျှင်
ရန်မူချင်သည်
သခင်မျိုးဟေ့...ဒို့မြန်မာ။
သူ့လူကိုယ်လူ
သွေးခွဲသူလည်း
သခင်မျိုးဟေ့...ဒို့မြန်မာ။
နေရာတကာ
စွာကြယ်တာလဲ
သခင်မျိုးဟေ့...ဒို့မြန်မာ။
တကယ်အရေးကြုံ
ပြေးပုန်းရုံသာ
ခေါင်းရှောင်တတ်တာ..ဒို့မြန်မာ။
ကဲ့ရဲ့လွန်ကဲ
ချီးမွမ်းနည်းသည်
ဝန်တိုတတ်တာ...ဒို့မြန်မာ။
မုဒိတာမပွား
မေတ္တာမထား
ပြိုင်ဆိုင်ချင်တာ...ဒို့မြန်မာ။
ကိုယ်ဘို့သာကြည့်
တစ်ဘို့ထဲရှိ
တစ်ကိုယ်ကောင်းစိတ်ထားတာ...ဒို့မြန်မာ။
ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုတ်
သိက္ခာဆုံးတာ....ဒို့မြန်မာ။
......
....သခင်မျိုးဟေ့...ကြွေးကြော်တတ်တာ
အဲဒါ...ရွှေမြန်မာ။
ဝန်ခံချက်...(အင်မတန်ရှက်ဖို့ကောင်းသော ကိုရီးယားသတင် စာပါသတင်းတစ်ပုဒ်ကြောင့် ဒါ...ဒို့မြန်မာလို့..ကြွေးကြော်လိုက်တာပါ...)အပြည့်အစုံသို့...
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....